ရန်ကုန်  ၂၆   ဇန်နဝါရီ

 

(၁၂)ကြိမ်မြောက် ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံခရိုင်ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ်မြို့နယ် တို့မှ သံဃာတော်များ၊ သက်ကြီးဘိုးဘွားများ၊ အ‌ခြေခံပညာအလယ်တန်း မူလတန်းကျောင်း များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက ဒေးဒရဲမြို့နယ် ဂုံမင်းကွင်းကျေးရွာအုပ်စု ထိုင်ကူမြစ် တန်းကျေးရွာ ကျောင်းသစ်ကျောင်းတိုက်၌ ကျင်းပသည်။

 

အဆိုပါလှူဒါန်းပွဲကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ်ကြီးမြောက်ရပ်ကွက်၊ လိပ်ပြာကန် ကျောင်း တိုက် နန္ဒာအောင်မြေကျောင်း၊ နန္ဒာအောင်မြေပရဟိတ အသင်းဦးစီး ပဓာနနာယက ဆရာတော် မဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနိမလအား  အမှူးပြု ၍ ပြုလုပ်ခြင်းဖြစ်သည်။

 

လှူဒါန်းပွဲတွင်   ကတ်သပေါင်း ဆရာတော် ဘဒ္ဒန္တ ပရမ ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အလှူရှင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနိမလအား ဂုဏဝိသိဌပူ ဇာမင်္ဂလာ အခမ်းအနားကျင်းပသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေ၊ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် တို့က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်းကြသည်။

 

လှူဒါန်းပွဲတွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်အတွင်းရှိ ပင့်သံဃာများအား သင်္ကန်း ပရိက္ခရာရှစ်ပါးနှင့် ပိဋကတ်သုံးပုံ၊ စားသောက်ဖွယ်ရာခြင်းတစ်ခြင်းနှင့် သံဃာ အသုံးအဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် အလှူရှင်များက သက်ကြီးဘိုးဘွားများအား အ၀တ်အထည်နှင့် ဆေးဝါးများလှူဒါန်းပြီး အ‌ခြေခံပညာအလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၂၉)ကျောင်းတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်း(၃၀၀၀)ကျော်အား ပညာရေးအထောက်အပံ့ပစ္စည်းများ လှူဒါန်းကြကြောင်း သိရသည်။ 

 

 

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် လိပ်ပြာကန်ကျောင်းတိုက် နန္ဒာအောင်မြေကျောင်း၊ နန္ဒာအောင်မြေပရဟိတအသင်းဦးစီးပဓာနနာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနိမလ က ရေစက်ချတရားဟောကြားသည်။

 

ဆရာတော်သည်  အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ (WORLD INSTITUTE OF ORIENTAL HERITAGE & CULTURE) အရှေ့တိုင်းယဉ်ကျေးမှုနှင့် အမွေအနှစ်ဆိုင်ရာ ကမ္ဘာ့အဖွဲ့ အစည်းက ဆက်ကပ်လှူဒါန်းသည့် (Ph.D, Buddhism)တို့ကို ရရှိတော်မူခဲ့သည်။

 

ယနေ့တွင် ဆရာတော်နှင့်ဒါယကာ၊ဒါယိကာမများက စုစုပေါင်းလှူဒါန်းငွေကျပ်သိန်း ၆၀၀ ကျော် လှူဒါန်းခဲ့ကြောင်းသိရသည်။

 

ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်ကလည်း ရန်ကုန်မြို့မှ အထူးကုဆရာ၀န်ကြီးများက ဒေးဒရဲမြို့ နယ်နှင့် ထိုင်ကူမြစ်တန်းကျေးရွာ ကျောင်းသစ်ကျောင်းတိုက်၌သက်ကြီးဘိုးဘွားများနှင့် ဒေသခံ ရွာသူရွာသားများကို ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

MDN