နေပြည်တော် ၂၆ ဇန်နဝါရီ
မန္တလေးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် နားမကြားသော ကလေးများကျောင်းသို့ ဂျပန်နိုင်ငံ၊ Kyoshin Company က အမေရိကန်ဒေါ်လာ (၁၀၀၀၀) လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ အဆိုပါကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဂျပန်နိုင်ငံ၊ Kyoshin Company အနေဖြင့် မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းသို့ နှစ်စဉ်လာရောက်မှုသည် (၂၂) ကြိမ် မြောက်ဖြစ်ပြီး ဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု ပြရုပ် တစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများကို ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အားလုံးအကျုံးဝင်ပါဝင်နိုင်အောင် ကြိုးပမ်းလျက်ရှိ ကြောင်း၊ မသန်စွမ်းသူများသည် မသန်သော်လည်း စွမ်းနိုင်မှုကိုပြသနိုင်ရန် ကူညီပံ့ပိုးထောက်ပံ့မှု များလိုအပ်ပါကြောင်း၊ ၎င်းတို့၏ လိုအပ်ချက်များကို ပံ့ပိုးကူညီခြင်းဖြင့် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။
မသန်စွမ်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့် သင်ကြားပေးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း သည် အရေးကြီးသော ကဏ္ဍဖြစ်ကြောင်း၊ ယနေ့လှူဒါန်းငွေဖြင့် မသန်စွမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန် လက်သင်္ကတပြ ဘာသာရပ်ဆိုင်ရာ ပညာရပ်များအထောက်အကူပြုခြင်း၊ အသက် မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့်သင့်ကြားရေးအတွက် အဆင့်မြင့် သင်ထောက်ကူပစ္စည်း များ ပံ့ပိုးပေးခြင်းနှင့် လွယ်ကူစွာ နေထိုင်လှုပ်ရှားသွားလာနိုင်ရန် ပံ့ပိုးမှုပြုခြင်း စသည်တို့တွင် အသုံးပြုမည်ဖြစ်သဖြင့် အစိုးရ၏ ဆောင်ရွက်မှုများတွင် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဖော်ဆောင်ရန် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မသန်စွမ်းကော်မတီများကိုဖွဲ့စည်း၍ မသန်စွမ်းသူများနှင့် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ မသန်စွမ်းမှုများကို လျှော့ချနိုင်ရန်နှင့် ကာကွယ်နိုင် မည့် နည်းလမ်းဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ် တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းစီမံကိန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် ရှေ့ပြေး စတင်ဆောင်ရွက် လျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆက်လက်တိုးချဲ့နိုင်ရန် ကြိုးပမ်း လျက်ရှိပါ ကြောင်း၊ ကလေးများ၏အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုကို မိဘများ၊ မိသားစုဝင်များက စောင့်ကြည့်အကဲဖြတ်၍ လိုအပ်သောအချိန်တွင် ကျွမ်းကျင်သူများ၏ အကူအညီကို ရယူကာ ဆောင်ရွက်ခြင်းဖြင့် မသန်စွမ်းမှုကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ထိုအသိပညာပေးမှုများကို နည်းမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြည်သူများ သိရှိနိုင်ရန် စတင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အစိုးရ၏ ပြည်သူ့အကျိုးပြု ဆောင်ရွက်ချက်များတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက် ပေးနိုင်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံ၊ Kyoshin Company ၏ Chairman, Mr. Sadaaki Tachiki က နားမကြားသော ကလေးများ သင်တန်းကျောင်းသို့ သက်မွေးဝမ်းကျောင်းသင်တန်းအတွက် အကြီးစား ဇာထိုးပန်းထိုးစက်၊ အပ်ချုပ်စက်၊ ကွန်ပြူတာသုံးဇာထိုးပန်းထိုးစက်၊ ဒီဇိုင်းဆော့ဖ် ဝဲလ် နှင့် သင်တန်းကျောင်း သင်ထောက်ကူပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် နှစ်စဉ် လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် Kyoshin Company ၏ Chairman, Mr. Sadaaki Tachiki က လှူဒါန်းငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးကလက်ခံပြီး ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်သည်။
ထို့နောက် နားမကြားသောကလေးများကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် တင်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသက်မွေးဝမ်းကျောင်း သင်တန်းဆောင်ရှိ စက်ချုပ်ခန်း၊ ဇာထိုးပန်းထိုးခန်းနှင့် မော်တာစနစ်ပန်းထိုးခန်းများတွင် လက်တွေ့ဆောင်ရွက်နေမှုများ၊ နားမကြားသူများ အရင်းအမြစ်ဌာနတွင် လက်သင်္ကေတပြဘာသာစကား သင်ကြားနေမှု များကိုလှည့်လည်ကြည့်ရှု အားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး လူငယ်သင်တန်း ကျောင်းအုပ်က သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက သင်တန်းသားများ၏ နေ့စဉ်ဆောင်ရွက်မှုအချိန်ဇယားတွင် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ နှစ်သိမ့်ဆွေးနွေးမှုများနှင့် စာပေလေ့လာရေးကိစ္စများကို ပိုမိုထည့်သွင်းဆောင်ရွက်နိုင်ရေး၊ မူးယစ်အန္တရာယ်နှင့် မူးယစ်ဆေးဝါးထပ်မံသုံးစွဲမှု မပြုရေးတို့အတွက် ဖြေရှင်းဆောင်ရွက်ရေး နည်းလမ်းများကို ဆွေးနွေးညှိနှိုင်းကြသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးဦးစိုးအောင်သည် မန္တလေးမြို့ရှိ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ စခန်း၌ မူးယစ်ဆေး ဖြတ်ပြီးသူများကို ပြန်လည်ထူထောင်ရေးစခန်း အခြေပြု သင်တန်း ဖွင့်လှစ်၍ သင်တန်းသား (၂၀)ဦး အား ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေး စကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)