ဘိုကလေး   ၂၇   ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၊ ကလေးစာပေပွဲတော်(ဘိုကလေး)စည်ကားစွာ ကျင်းပနိုင်စေရေး ကြိုတင်ပြင်ဆောင်ရွက်နေကြောင်း သိရသည်။

ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်နေ့များ၌ နံနက် ၉ နာရီအချိန်မှစတင်ပြီး ညနေ ၅ နာရီအထိ ဘိုကလေးမြို့ အထက(၁)ကျောင်းနှင့် မြို့တော်ခန်းမတို့တွင် ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်တွင် ပညာရေး ပြခန်း၊ ကျန်းမာရေးပြခန်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲပြခန်း၊ သစ်တောပြခန်း၊ မီးသတ်ပြခန်း၊ လူငယ်ရေးရာပြခန်း၊ ကလေးငယ်များရင်ခွင်မဲ့ လျှော့ချရေးပြခန်း၊ တော်ဝင်ရွှေလက်များပြခန်း၊ ထူးချွန်ထင်ရှားဧရာဝတီ တိုင်းသားများပြခန်းများအပြင် ကလေးစာဖတ်ခန်း၊ ဟောပြောပွဲခန်း၊ ပုံတူပန်းချီပြိုင်ပွဲခန်း၊ စကားပုံဆက် အရုပ်ဆက်အိမ်ဆောက် စက္ကူအရုပ်ခေါက်ပြိုင်ပွဲခန်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲခန်း၊ ကဗျာလွတ်အကပြိုင်ပွဲခန်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲခန်း၊ ပုံပြောပြိုင်ပွဲခန်း၊ ကွင်းပြင်တွင် ဂိမ်းပြိုင်ပွဲကစားကွင်းများစီစဉ်ထားရာ အချိန်မီပြီးစီးရေးနှင့် စည်ကားစွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ 

 

a

 

ဘိုကလေးမြို့တော်ခန်းမတွင် ဖွင့်ပွဲအခမ်းအနားနှင့် ဖျော်ဖြေရေးပွဲများ ကျင်းပရန်စီစဉ်ထားပြီး ကျန်သည့်ပြခန်းများ ပြိုင်ပွဲများကို ဘိုကလေး အထက(၁)ကျောင်းဆောင်တွင် စီစဉ်ထားသည်။ စည်ကားစွာကျင်းပသွားမည့် ကလေးစာပေပွဲတော် (ဘိုကလေး)ကျင်းပမည့် ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ရက်နေ့များတွင် မည်သူမဆို  ပျော်ရွှင်စွာ ပါဝင်ဆင်နွဲနိုင်ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)