နေပြည်တော် ၂၇ ဇန်နဝါရီ
ကိုးကန့်တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီက ရှမ်းပြည်နယ် လားရှိုးမြို့ မန်ဆူ ကိုးကန့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကိုးကန့်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးဟော်ရှောက်ချန်း၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် ကိုးကန့်တိုင်းရင်းသားတိုင်းရင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကိုးကန့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဦးဟော်ရှောက်ချန်း က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ဂုဏ်ပြုညစာစားပွဲကို ကိုးကန့်တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော် ဖျော်ဖြေမှုအစီအစဉ်များဖြင့် ဆက်လက်ကျင်းပရာ ကိုးကန့်တိုင်းရင်းသား တိုင်းရင်းသူများ၏ လက်ဖက်ခူးအက၊ နွေးထွေးသော ကိုးကန့်မြေအက၊ ကပါကပါ ပျော်ရွှင်စွာ ကလိုက်ကြပါစို့အက၊ ပျော်ပျော်ရွှင်ရွှင် နှစ်သစ်ကူးအကနှင့် အားလုံးအတူတကွ ပျော်ရွှင်စွာ နှစ်သစ်ကူးလိုက်ကြ ရအောင် စသည့် ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်သည်။
ထို့နောက် တိုင်းရင်းသားလူမျိုများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြု ဆုငွေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးနှင့် ဝန်ကြီးချုပ်၏ ဇနီးတို့က ဂုဏ်ပြုပန်းခြင်းကို လည်းကောင်း ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဟိုပန်မြို့သို့ ရောက်ရှိပြီး ရဌပါလကုန်းတော်တွင် တည်ထားသည့် အဘယလာဘ “ကမ္ဘာ့ငြိမ်း ချမ်းရေးဗျာဒိတ်တော်ပေး” ဘုရားလေးဆူအား သွားရောက်ဖူးမြှော် ကြည်ညိုကာ ပန်းဆီမီး ရေချမ်းကပ်လှူပြီး အလှူငွေများ လှူဒါန်းသည်။ ဆက်လက်၍ ၃၁ ဘုံစေတီကုန်း (ဗဟို) သာသနာပြုကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုပန်မြို့ရှိ အာရှရွှေဖြူရော်ဘာ စက်ရုံသို့ သွားရောက်၍ ရော်ဘာစေးမှ နိုင်ငံခြားသို့ တင်ပို့နိုင်သည့် ရော်ဘာကုန်ကြမ်းများ ထုတ်လုပ်နေ မှုကို ကြည့်ရှုလေ့လာသည်။
ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့၊ နမ့်ဖာမော်နယ်စပ် မြစ်တံတားရှိ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ဆက်သွယ်ထားသည့် နှစ်နိုင်ငံနယ်စပ်ဂိတ်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့ကို ဆက်သွယ်ထား သည့် တံတားသို့သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)