ပုလော ၂၈ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ အသိပညာပေးဟောပြောပွဲနှင့် လက်တွေသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောရာတွင် ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်က ကျောင်းသား ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြုနည်းများ၊ ပညာပေး ဇာတ်လမ်းများ၊ သဘာဝဘေး အန္တရာယ်များအကြောင်း၊ ငလျင်ဘေးဖြစ်ပေါ်လျှင် လျင်မြန်စွာ ဆောင်ရွက်ရမည့် နည်းလမ်းများ အသိပညာပေး ဟောပြောခဲ့ပြီး ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးထွန်းမြင့်က ကြက်ခြေနီတပ်ဖွဲ့ဖြစ်ပေါ်လာပုံနှင့် ရှေးဦးသူနာပြုနည်းများကို ဟောပြောခဲ့ပြီး မေတ္တာရှင် ပရဟိတအသင်း ဥက္ကဋ္ဌ ဦးလှမင်းနိုင်ဦးက ပုလောမြို့နယ်အတွင်းရှိ အရေးပေါ်လူနာများအား ကူညီလုပ်ဆောင်နေရသည့်အခြေအနေများကို အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်သရုပ်ပြနှင့် မီးငြှိမ်းသတ်ပုံများကို လက်တွေ့သရုပ်ပြခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထူးဝေယံ(ပြန်/ဆက်)