ရှမ်းရွာသစ် ၂၈ ဇန်နဝါရီ
ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပထမအကြိမ်အဖြစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ကြေးပေးအပ်ပွဲကို ဇန်နဝါရီလ ၂၈ ရက် နံနက် ၉ နာရီက မဲသမူးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ကြေးများကို အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့အတွက် တစ်လလျှင်(၁၅၀ဝ၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၄၅၀ဝ၀)ကျပ်ကို မိခင်သေဆုံးမှုလျော့နည်းစေရေးနှင့် ကလေးငယ်များလုံလောက်သော အာဟာရရှိစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပုံမှန်စောင့်ရှောက်ရန်တို့ကို ရည်ရွယ်၍ ထောက်ပံ့ကြေးပေးရခြင်းဖြစ်ကြောင်း မဲသမူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လုံးက ရှင်းလင်းပြောကြားသည်။
ထို့နောက် ကိုယ်ဝန်ဆောင်မိခင်နှင့်(၂)နှစ်အောက်ကလေးစုစုပေါင်း(၁၅၆)ဦးအတွက်ငွေကျပ် (၇၀၂၀ဝ၀ဝ)ကို တာဝန်ရှိသူများတို့က အိမ်အရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)


