ညောင်ဦး ၂၈ ဇန်နဝါရီ
တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် တွက်ခြေကိုက်နေသော မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများ ပြောင်းဖူး စိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ပြောင်းဖူး စိုက်တောင်သူ ဦးဝင်းတင်ကပြောကြားသည်။
ညောင်ဦး - ပခုက္ကူ - မြင်းခြံကားလမ်းမကြီး လမ်းဘေးဝဲ/ယာ (ဧရာဝတီတံတား-ပခုက္ကူ) တောင် ဘက်ခြမ်းတွင် လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြပြီး ပြောင်းဖူး စိုက်ပျိုးခြင်းလုပ်ငန်းအား တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြကြောင်း သိရသည်။
ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်လျှင် လေးကြိမ်အထိ စိုက်ပျိုးကြကြောင်း သကြားပြောင်းဖူး၊ အစီး (အစေး) ပြောင်းဖူးနှစ်မျိုး အဓိကထား စိုက်ပျိုးကြကာ ကြက်တမော့ (ဒေသအခေါ်) ပြောင်းဖူးလည်း ရံဖန်ရံခါ စိုက်ပျိုးကြကြောင်း သိရသည်။
အချို့ပြောင်းဖူးစိုက် တောင်သူများ လက်ပံခြေပေါ် မြစ်ရေတင်ဖြင့် စိုက်ပျိုးကြောင်းနှင့် တောင်သူ အများစု မြေအောက်ရေ တူးဖော်စိုက်ပျိုးကြကြောင်း၊ ထွက်ရှိလာသည့် ပြောင်းဖူးများအား ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ညောင်ဦး၊ မြင်းခြံမြို့များမှ ပြောင်းဖူးပွဲစားများ ပြောင်းဖူးအခင်းများအထိ လာရောက် ဝယ်ယူကြကြောင်းနှင့် တစ်ခေါက်ဝယ်လျှင် ပြောင်းဖူးနှစ်သောင်းမှသုံးသောင်းထိ ဝယ်ယူလေ့ရှိကြောင်း ပြောင်းဖူးပွဲစား ဦးဝင်းတင်က ရှင်းပြသည်။
မိုးရာသီ ပြောင်းဖူးစိုက်ပျိုးလျှင် ရက်ပေါင်း (၉၀) မှသာ ပြောင်းဖူးရရှိပြီး နွေရာသီတွင်ရက်ပေါင်း (၇၅) ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်း သိရကာ တစ်နှစ်လျှင် ပြောင်းဖူးလေးကြိမ်ထိ စိုက်ပျိုးကြသည်။
ဆယ်ဖူးဈေး၊ ရာဖူးဈေးစသည်ဖြင့် လက်လီလက်ကား ရောင်းချခြင်းဖြင့်လည်း ပြောင်းဖူး စိုက်ပျိုး ရောင်းချသူများ တွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများထံမှ သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


