ရန်ကုန် ၂၈ ဇန်နဝါရီ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ မင်းဓမ္မကုန်းတော် ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး၏ ရွှေသားအစစ် စိန်ဖူးတော်ကို ရောင်တော်ဖွင့်၍ ပြန်လည်တင်လှူခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘုရားကြီး၏ ဂန္ဓကုဋီတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အင်းစိန်ရွာမ၊ ဆရာတော်ဘုရားကြီး ဦးတိလောကဘိဝံသ ထံမှ ၉ ပါးသီလ ခံယူ ဆောက်တည်ပြီး ပင့်သံဃာ ဆရာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် လှူဖွယ်ပစ္စည်းများ ကပ်လှူခြင်း၊ ဘုရားဒါယိကာဖြစ်သော သိဟသုဓမ္မမနိဇောတဓရ ဦးအောင်ဇေယျက စိန်ဖူးတော် ရောင်တော်ဖွင့်ခြင်းအကြောင်းကို လျှောက်ထားပြီး လှူဒါန်းမှုအစုစုတို့ကို အင်းစိန်ရွာမ၊ ဆရာတော်ဘုရားကြီးမှ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ဆက်လက်၍ စိန်ဖူးတော်ကြီးနှင့် အရံစေတီတော်များအား ရောင်တော်ဖွင့်ပြီး ပြန်လည်တင်လှူခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဘုရားကြီး၏ ဘုရားဒါယိကာမိသားစုများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင် မိသားစုများ၊ ထီးတော်တင်တိံကြားအဖွဲ့ဝင်များ၊ ချစ်ဇွဲမင်္ဂလာဆိုင်းအဖွဲ့တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရှိခဲ့ရသည်။
မျိုးသန့်(ပြန်/ဆက်)


