ပဲခူး ၂၈ ဇန်နဝါရီ

 

ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ (၂၇)ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ 2019 Novel Corona virus(2019-nCoV)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင်မှုနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက အဖွင့် အမှာစကား ပြောကြားပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း/ကူးစက်ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာသင်းသင်းလှိုင်မှ 2019 Novel Corona virus (2019-nCoV)ကြောင့် ဖြစ်ပွားသော အဆုတ် ရောင်ရောဂါဖြစ်ပွားမှု၊ ရောဂါကူးစက်ပုံ၊ ရောဂါကာကွယ်နိုင်မည့်နည်းလမ်းများ၊ ကုသမှုအခြေအနေ များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

 

*963.

 

ထို့နောက် ပဲခူးမြို့ခုတင်(၅၀ဝ)ဆံ့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ2019 Novel Corona virus(2019-nCoV)ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါဖြစ်ပွားလာပါက ကုသနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် အထွေထွေရောဂါကု သမားတော်ကြီးများ၊ အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီး၊ စက်မှုဇုံတာဝန်ရှိသူနှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ စက်ရုံများမှတာဝန်ရှိသူများ၊ ပုဂ္ဂလိဆေးရုံများမှ တာဝန်ရှိသူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

 

Wuhan Virus, 2019-nCoV နှင့်ပတ်သက်၍ ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ထားရှိမှုများ အနေဖြင့်  ဆေးရုံစီမံအဖွဲ့များ၊ အထူးကုဆရာဝန်များ၊ ဓာတ်ခွဲ/ ဓာတ်မှန်/ ဆေးဝါးအဖွဲ့များ၊ သူနာပြုများနှင့် တိုင်ပင်ဆွေးနွေး၍ လူနာထားရှိကုသရန်နေရာ သတ်မှတ်ခြင်း၊ အထူးကု/ ဆရာဝန်/ သူနာပြု/ ဝန်ထမ်းများ တာဝန်သတ်မှတ်ခြင်း၊ လိုအပ်သော ဆေးပစ္စည်းများ/ အကာအကွယ်ပစ္စည်းများ ရရှိရန် စီစဉ်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော Guide Line များအား ဆေးရုံဝန်ထမ်းများသိရှိရန် အသိပေးအကြောင်းကြားခြင်း၊ လိုအပ်ပါက ပရဟိတ အသင်းအဖွဲ့များအပါအဝင် စေတနာရှင်ပြည်သူများ၊ အခြား Stakeholder များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် စီစဉ်ခြင်း စသည်တို့ ဆောင်ရွက်ထားရှိပါကြောင်း ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ ပြောကြားကြောင်းသတင်းရရှိသည်။

 

2019 Novel Coronavirus(2019-nCoV) အဆုတ်ရောင်ရောဂါသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့ပြီး ကုသရန်အတွက် တိကျသောဆေးဝါးမရှိ၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ အနေဖြင့်လည်း အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေး သော်လည်း ယခင် အလားတူ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးများ၏ ရောဂါကူးစက်ပုံများအရ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ တစ်ဆင့် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုး(Influenza Virus)များအပါအဝင် အခြားရောဂါပိုးများ လေထဲသို့ရောက်ရှိပြီး အသက်ရှုလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ကူးစက်ပျံ့နှံ့စေခြင်းနှင့် အရာဝတ္ထုများ၌ထိကပ်နေသော ရောဂါပိုးများအားလက်နှင့်ကိုင်တွယ် ထိတွေ့ရာမှတစ်ဆင့် ရောဂါကူးစက်နိုင်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)