မိတ္ထီလာ ၂၈  ဇန်နဝါရီ

 

အီတလီနိုင်ငံမှ စက်ဘီးစီးအဖွဲ့ခေါင်းဆောင် Mr.Mario Mantova ဦးဆောင်သော အီတလီနိုင်ငံသား ၄ ဦး ပါဝင်သည့် စက်ဘီးစီးအဖွဲ့သည် ဇန်နဝါရီ ၂၈ နံနက် ၁ဝ နာရီက မိတ္ထီလာမြို့နယ် ဆွာတော ကျေးရွာရှိ လူထုအခြေပြု ခရီးသွားလုပ်ငန်းနှင့် ကျေးလက်ဓလေ့များကို လာရောက်လေ့လာကြောင်း သိရသည်။

 

“မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ဖူးတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ပုဂံ၊ မန္တလေးနဲ့ အင်းလေးဒေသဘက်မှာလည်း စိတ်ဝင်စားစရာတွေ အများကြီးတွေ့ခဲ့ရတယ်။ အခုလာရောက်တဲ့ မိတ္ထီလာ ဆွာတောကျေးရွာက ကျေးရွာဒေသခံတွေက အရမ်းဖော်ရွေပြီး အမြဲတမ်းပဲ ပြုံးရွှင်နေကြတယ်။ မြန်မာနိုင်ငံက လူတွေ ဖော်ရွေပြုံးရွှင်ကြတာတွေ့ရပြီး အီတလီနိုင်ငံက      လူတွေက အခုလို ပြုံးရွှင်ပြီး တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်ကြတဲ့ ဓလေ့မရှိကြဘူး။ ဆွာတောရွာကို လာရောက်လေ့လာခွင့်ရတာ အများကြီး ကျေနပ်ပျော်ရွှင်မှုရပါတယ်”ဟု အီတလီစက်ဘီးစီးအဖွဲ့ခေါင်းဆောင် Mr.Mario Mantovan က ပြောသည်။

     

အီတလီနိုင်ငံ Veneto ဒေသ Porto Viro မှ အဆိုပါ စက်ဘီးစီးအဖွဲ့ဝင်နှင့်အတူ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ)မှ ဦးစီးအရာရှိ ဒေါ်ဥမ္မာလှနှင့်တာဝန်ရှိသူများလိုက်ပါ၍ ဆွာတောကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း နှင့် ကျေးရွာဒေသခံများ၏ လူနေမှုဓလေ့များ၊ စိုက်ပျိုးရေးလုပ်ငန်းများကို လှည့်ပတ်လေ့လာကြကြောင်း သိရသည်။

 

အီတလီစက်ဘီးစီးအဖွဲ့သည် မန္တလေး၊ အမရပူရ၊ မြင်းခြံ၊ ပုဂံ၊ အင်းလေး၊ ပင်းတယ၊ အောင်ပန်း၊ ကလော ခရီးစဉ်များကို သွားရောက်ခဲ့ပြီးဖြစ်ကာ မိတ္ထီလာ၊ ရမည်းသင်း၊ နေပြည်တော်ခရီးစဉ်များ ပြီးစီးပါက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည့် လူထုစက်ဘီးစီးပွဲတော်သို့ ပါဝင်ဆင်နွှဲရန် စီစဉ်ထားကြောင်း ဦးစီးအရာရှိ ဒေါ်ဥမ္မာလှ ပြောကြားချက်အရသိရသည်။

 

ချမ်းသာ(မိတ္ထီလာ)

 

mdn