မိုင်းခတ် ၂၈ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ်တွင် လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မိုင်းခတ်မြို့နယ်၊ မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

 

963258

 

ရှေးဦးစွာ စစ်ဗျုဟာအဖွဲ့ (အခြေချ) မိုင်းခတ်စစ်ဗျုဟာမှူး ဗိုလ်မှူးကြီးသူရိန်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူတို့က နှစ်သစ်နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်ထံမှ ပေးပို့သော သဝဏ်လွှာကို လားဟူစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးယားပါလုံးက ဖတ်ကြားခဲ့သည်။

 

ဆက်လက်၍ ၂၀၁၈-၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများနှင့် နှစ်သစ်ကူး အလှူရှင်များအား စစ်ဗျူဟာမှူး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝန်းဆမ်နှင့် ဦးအားမဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

752.09520

 

ထို့နောက် ပွဲတော်သို့ တက်ရောက်လာကြသည့်  အကြီးအကဲများအား ရိုသေလေးစား ဂါရဝပြုခြင်းနှင့် နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်တွင် စင်ကြယ်စေရန် ရိုးရာဓလေ့ဖြစ်သည့် လက်ဆေးခြင်း မင်္ဂလာပြုပေးကြပြီး လားဟူတိုင်းရင်းသားရိုးရာ အမှတ်တရနှစ်သစ်ကူးလက်ဆောင်များကို ပေးအပ်သည်။

 

 ယင်းနောက်  လားဟူတိုင်းရင်းသားရိုးရာ မြေဝိုင်းအကများ၊ တေးသရုပ် ဖော်အကများ၊ အိုးစည်ဗုံမောင်းများ ဖြင့် ကပြဖျော်ဖြေကြသည်။

 

639852

 

အဆိုပါ နှစ်သစ်ကူးပွဲတော်သည် လားဟူတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုး၍ ဆက်လက်ထိန်းသိမ်း နိုင်စေရန်၊ ရပ်နီးရပ်ဝေးမှ လားဟူတိုင်းရင်းသားများ ပြန်လည်ပေါင်းစည်းတွေ့ဆုံချစ်ကြည် ရင်းနှီးမှုရှိစေရန်၊ အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ရင်းနှီးကျွမ်းဝင်မှု ရရှိစေရန်၊ သွေးစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စေရန်  ရည်ရွယ်၍   နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

မိုးဒေ (ပြန်/ဆက်)