နေပြည်တော် ၂၈ ဇန်နဝါရီ

 

“2020 Seed Fair” မျိုးစေ့ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)၌ ကျင်းပရာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

mdn

 

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မျိုးစေ့ထုတ် အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် မျိုးစေ့ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တောင်သူလယ်သမားများ၊ မျိုးစေ့ဝယ်ယူသုံးစွဲသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိမိအနေဖြင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေ တောင်သူလယ်သမားများ ဖြစ်ကြပါကြောင်း၊ နိုင်ငံ့ လူဦးရေ၏ အချိုးအစား ကြီးကြီးမားမားရှိနေသော တောင်သူလယ်သမားများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့နိုင်ငံအတွက် အရေးကြီးတာဝန်တစ်ရပ်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ဖြည့်စွက်ပြင်ဆင် ပြဋ္ဌာန်းခဲ့ပြီး ဥပဒေ ပြဋ္ဌာန်းချက်ပါ လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍနှင့်ပါ ပူးပေါင်း၍ ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိပါကြောင်း။

 

ထို့ပြင် တောင်သူလယ်သမားဦးရေ အချိုးအစားအများဆုံး ရှိနေသည့် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် ရှုထောင့်စုံမှ ဖြည့်ဆည်းပေးနိုင်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ တောင်သူလယ်သမားဟုဆိုရာတွင် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများဖြင့် အဓိက အသက်မွေးဝမ်းကျောင်းနေရသူများပါ ရှိသကဲ့သို့ ယင်းလုပ်ငန်းများအတွက် လိုအပ်သော အရင်းအနှီးများ မတည်စိုက်ထုတ်၍ အမြဲမပြတ် ကိုယ်တိုင်လုပ်ကိုင်သူ(သို့မဟုတ်) ကြီးကြပ်စီမံပေးသူများလည်း ပါဝင်ပါကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ပျိုးပင်၊ မျိုးစေ့၊ မျိုးနှင့် သားပေါက်များ ကိုယ်တိုင်ထုတ်လုပ်ရောင်းချသူများလည်း ပါဝင်ပါကြောင်း။

 

ထို့ကြောင့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများအတွက် ပျိုးပင်၊ မျိုးစေ့၊ မျိုး၊ သားပေါက်၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ မွေးမြူရေးအစာနှင့် ဆေးဝါး စသည်တို့ကို အရည်အသွေးပြည့်မီ၍ ဈေးနှုန်းမှန်ကန်စွာ ရရှိစေရန်ကိုလည်း ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင်ယင်းပစ္စည်းများသည် အာမခံစံချိန်စံညွှန်း ချို့ယွင်းမှု (သို့မဟုတ်) မကိုက်ညီမှုကြောင့် လယ်ယာထုတ်ကုန်များ ထိခိုက်ပျက်စီးခြင်း၊ အရင်းအနှီး နစ်နာဆုံးရှုံးခြင်းများ ဖြစ်ခဲ့လျှင်လည်း တရားဥပဒေနှင့်အညီ စစ်ဆေးအရေးယူရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကိစ္စအားလုံးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန်ဆိုလျှင် သက်ဆိုင်ရာဝန်ကြီးဌာနက တောင်သူလယ်သမားများ အနေဖြင့်ပြဋ္ဌာန်းထားသည့် ဥပဒေအကြောင်းချင်းရာများကို သိရှိနားလည်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။

 

နိုင်ငံတော်အနေဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် စပ်လျဉ်း၍ စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်း လုံခြုံမှုရှိစေရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်ရရှိသည့် သီးနှံများသည် ပြည်တွင်းစားသုံးမှု ဖူလုံပြီးပိုလျှံသည့် လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက် တင်ပို့ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီပြည့်စုံစွာ မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးခြင်း အပါအဝင် ထိန်းသိမ်းသိုလှောင်ခြင်း၊ ခေတ်မီထုတ်ပိုး ကိရိယာများဖြင့်ထုတ်ပိုး၍ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးလုပ်ငန်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသအလိုက် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံအမျိုးအစားများအတွက် အရည်အသွေး စံချိန်စံညွှန်းနှင့် ကိုက်ညီသော သီးနှံမျိုးစေ့များထုတ်လုပ်နိုင်ရေးသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ "မျိုးစေ့မမှန်ပင်မသန်" ဆိုသည့် စကားအတိုင်းသီးနှံမျိုးစေ့ မကောင်းလျှင် သီးနှံအထွက်နှုန်း လျော့နည်းပြီး တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးနေခြင်း ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံသားကုမ္ပဏီများသာမက နိုင်ငံခြားသား ကုမ္ပဏီများပါ ၁၀ဝ ရာခိုင်နှုန်း ရင်းနှီးမြှပ်နှံမှုကို ဆောင်ရွက်နိုင်ကြပြီ ဖြစ်ပါကြောင်း။

 

နိုင်ငံ့အကျိုး၊ တောင်သူလယ်သမားများအကျိုးကို ရှေးရှု၍ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာဌာနများ၊ ပညာရှင်များနှင့် ပုဂ္ဂလိကကဏ္ဍများက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ ရေးဆွဲပြဋ္ဌာန်းထားသည့်အတိုင်း တောင်သူလယ်သမားများ၏ အကျိုးစီးပွားများကို မြှင့်တင်ပေးရာ ရောက်မည်ဖြစ်ပါကြောင်း။

 

ထို့ပြင် မိမိတို့နိုင်ငံ၏ ကွဲပြားခြားနားသည့် ဒေသ၊ ရေမြေ ရာသီဥတု အနေအထားအရ သီးနှံမျိုးပေါင်းများစွာကို မျိုးစေ့ထုတ်လုပ်ရန် အခြေအနေကောင်းများစွာ ရှိသည့်အတွက် မျိုးစေ့ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် လိုအပ်သည့် ပြင်ဆင်မှု၊ ဖြေလျှော့မှု၊ ပံ့ပိုးကူညီမှုများကို ဖန်တီးပေးနိုင်မည်ဆိုလျှင် မျိုးစေ့ ထုတ်လုပ်တင်ပို့သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ပါကြောင်း၊ မျိုးစေ့ထုတ်လုပ် တင်ပို့နိုင်လျှင် တောင်သူလယ်သမားများနှင့် မျိုးစေ့ထုတ် လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသာမက နိုင်ငံတော်အတွက်ပါ များစွာအကျိုးကျေးဇူး ဖြစ်ထွန်းမည် ဖြစ်သည့်အတွက် မျိုးစေ့ကိုနိုင်ငံခြားမှ တင်သွင်းဖြန့်ဖြူးခြင်းထက် ပြည်တွင်း၌ မျိုးစေ့ထုတ် လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပြီး ပြည်တွင်း လုံလောက်မှု ရှိရုံသာမက နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရေးအတွက်ပါ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

 

မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့်လည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ပြီး မိမိတို့၏ မျိုးစေ့ထုတ်လုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် စံချိန်စံညွှန်းနှင့် ကိုက်ညီ၍ ဒေသအလိုက် အောင်မြင်ဖြစ်ထွန်းမှုရှိသည့် အရည်အသွေးကောင်း မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးသွားကြရန်လည်း အထူးမှာကြားလိုပါကြောင်း။

 

mdn

 

နိဂုံးချုပ်အနေဖြင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေပါရည်ရွယ်ချက်များနှင့် ဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များတွင် အပါအဝင်ဖြစ်သော “တောင်သူလယ်သမားများ သွင်းအားစု (မျိုးစေ့)များကို လွယ်ကူအဆင် ပြေစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ပံ့ပိုးကူညီစီမံဆောင်ရွက်ရန်” ဆိုသည့် ပြဋ္ဌာန်းချက်နှင့် အညီ မျိုးစေ့ပြပွဲများကို ၂၀၁၈ ခုနှစ်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခု “2020 Seed Fair” သည် တတိယအကြိမ်မြောက်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေမှသည် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်အဆင့်များအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြပြီး အစိုးရနှင့် ပုဂ္ဂလိကတို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် မျိုးစေ့ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး တောင်သူလယ်သမားများ၏ အကျိုးစီးပွားမြင့်မား တိုးတက်စေရေးကို ရည်မှန်း၍ ဆထက်ထမ်းပိုးထမ်းဆောင်ပေးကြပါဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ၂၀၂၀ မျိုးစေ့ပြပွဲ ကျင်းပသည့် ရည်ရွယ်ချက်များ၊ မျိုးစေ့ ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးကောင်း သီးနှံမျိုးစေ့များ စဉ်ဆက်မပြတ် ထုတ်လုပ်ပေးနိုင်သည့် စနစ်ကျပြီး မဟာဗျူဟာမြောက်သော နည်းလမ်းများဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော မျိုးစေ့လုပ်ငန်းတစ်ရပ်တည်ဆောက်နိုင်ရေး ကိစ္စများကို ရှင်းလင်းတင်ပြသည်။

 

mdn

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

mdn

 

ထို့နောက် ဒုတိယသမ္မတသည် တာဝန်ရှိသူများနှင့်အတူ “2020 Seed Fair” မျိုးစေ့ပြပွဲတွင် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများက ခင်းကျင်းပြသထားသည့် သီးနှံ စိုက်ခင်းပြခန်း၊ မျိုးစေ့ပြခန်းများ၊ သစ်သီးဝလံပြခန်း၊ လယ်ယာသုံး စက်ကိရိယာ ပြခန်းများ၊ တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ မိုလ်ဘိုင်းအပလီကေးရှင်း ပြခန်း၊ သရုပ်ပြစိုက်ခင်းများနှင့် မျိုးစေ့အရည်အသွေးစစ်ဆေးခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။

 

mdn

 

ယနေ့ “2020 Seed Fair” မျိုးစေ့ပြပွဲတွင်ပြခန်းပေါင်း (၄၉)ခန်း၊ သီးနှံ(၂၅)မျိုးနှင့် မျိုးကွဲပေါင်း (၁၀၆)မျိုးပါဝင်သည့် သီးနှံစိုက်ခင်းများကို ခင်းကျင်းပြသထားကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn