နေပြည်တော် ၂၈ ဇန်နဝါရီ
ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် စက်တပ်ရွက်လှေများဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ လည်ပတ်လျက်ရှိရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု၊ A One Ranong Diving Center Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး၊ အီတလီနိုင်ငံသား ၂ ဦး၊ ဗြိတိန်နိုင်ငံသား ၂ ဦး၊ ရုရှားနိုင်ငံသား ၁ ဦး၊ ဂျပန်နိုင်ငံသား ၁ ဦး၊ တရုတ်နိုင်ငံသား ၁ ဦး၊ အစ္စရေးနိုင်ငံသား ၁ ဦး၊ ပြင်သစ်နိုင်ငံသား ၂ ဦး၊ ထိုင်းနိုင်ငံသား ၂ ဦး၊ ဒိန်းမတ်နိုင်ငံသား ၁ ဦး စုစုပေါင်း ခရီးသွားဧည့်သည် ၁၄ ဦးသည် Sea World 1 စက်တပ်ရွက်လှေဖြင့် ဇန်နဝါရီ ၁၃ ရက်မှ ၁၉ ရက်အထိ ကော့သောင်း- နာနတ်သီးကျွန်း- ငါးမန်းကျွန်း- လေးကျွန်း- ကျွန်းဖီလာကျွန်း- လှိုဏ်ဂူကျွန်း- ခရင်းခွကျွန်း- စေတန်ကျွန်း- ကော့သောင်းမြို့များသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း စက်တပ်ရွက်လှေခရီးစဉ် ၄၀၁ ခု၊ ခရီးသွားဧည့်သည် ၃၁၇၄ ဦး ဝင်ရောက်လည်ပတ်ခဲ့ကာ ဝင်ငွေစုစုပေါင်း ကျပ်သန်း ၅၅၆ ဒသမ ၆ ကျော် ကောက်ခံရရှိခဲ့ကြောင်း သိရသည်။
MDN
Source: ဟိုတယ်/ခရီး