နေပြည်တော် ၂၈ ဇန်နဝါရီ
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၄)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမှာစကားပြောကြားပြီး ဗဟိုကော်မတီ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ယခင်အစိုးရကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်လျှောက်ထားလာမှုများ၊ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီကို ၂၀၁၈ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပြင်ဆင်သည့် ဥပဒေနှင့်အညီ ပြင်ဆင်ဖွဲ့စည်းပေးရန် တနင်္သာရီတိုင်းဒေသကြီး စီမံခန့်ခွဲရေးကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတို့မှ တင်ပြလာမှုများ၊ သတ်မှတ်ဖော်ထုတ်ကာလ (၄)နှစ်သက်တမ်းကို တိုးမြှင့်ခွင့်ပြုပေးပါရန် လျှောက်ထားတင်ပြလာမှုများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သဘောထားမှတ်ချက်တောင်းခံလာမှုများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းကို မြေပြင်ကွင်းဆင်းစိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်း ကိစ္စရပ်များကို ဆွေးနွေးကြသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်း၍ စည်းကမ်းချက် သတ်မှတ်ကာလ (၄)နှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင်အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသော လုပ်ကိုင်ခွင့်ချထားမြေများကို ခွင့်ပြုမိန့်ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားသော မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများမှ စိစစ်ပြီး တင်ပြလာမှုများအရ ယနေ့ကျင်းပသည့် (၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအထိ ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည့် ဧရိယာပေါင်းမှာ ၁၅၅၀ဝ၄၈ ဧကရှိပြီး မြေပြင်ဆက်လက်စိစစ်ဆဲဖြစ်သည်။
သတင်းစဉ်