မင်းတပ် ၂၈ ဇန်နဝါရီ
ချင်းပြည်နယ် မင်းတပ်ခရိုင် မကွီအိမ်နူးမြို့သစ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် နေအိမ်ဆောက်လုပ်ခြင်း၊ ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ရာ၊ နယ်မြေမီးသတ်စခန်း အဆောက်အဦနှင့် ပြင်ပ ရေ၊ မီးရရှိရေးလုပ်ငန်း၊ မကွီအိမ်နူး တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း၊ ရှစ်လမ်းခွဲ− ဒုတ်− မထားအိမ်နူး− ကြုံလောင်းလမ်း ၈/၄ မိုင်အား လမ်းတာချဲ့ခြင်း၊ ရှစ်လမ်းခွဲ− ဒုတ်− မထားအိမ်နူး− ကြုံလောင်းလမ်းပေါ် ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert (၁၂)စင်း တည်ဆောက်ခြင်း၊ မထားအိမ်နူး-မကွီအိမ်နူး လမ်းပေါ်ရှိ ပက်လောင်းချောင်း သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း၊ ပန်းစခန်း- ကင်းလှိ- မထားအိမ်နူးလမ်း (အုံ-ကင်းလှိ)ကြား မုန်းချောင်း သံကူကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်မည့် အခြေအနေ၊ ဌာနဆိုင်ရာမြေနေရာများနှင့် လူနေအိမ်ဝိုင်းများ အကွက်ချမှုတို့ကို ရှင်းလင်းတင်ပြရာ ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ထွေ/အုပ်ရုံးအဆောက်အဦ ဆောက်လုပ်မည့် မြေနေရာအား ပန္နက်ရိုက်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မကွီအိမ်နူးသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဝန်ကြီးများက ကဏ္ဍအလိုက် ပြန်လည်ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
ခွီရှိန်း(ခရိုင်ပြန်/ဆက်)