နေပြည်တော် ၂၈ ဇန်နဝါရီ

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီတွင် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ လိုဏ်ဂူရှင်ဘုရားကြီးကျောင်း၌ ဒေသခံပြည်သူများ၊ ကုန်သည်လုပ်ငန်းရှင်များအား တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျိုင်းလပ်ဒေသသို့ လာရောက်ရခြင်းမှာ ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်များကို သိရှိနိုင်ရန်နှင့် လိုအပ်သည်များကို ပံ့ပိုးပေးသွားရန်အတွက်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒေသခံများမှ လိုအပ်ချက်များအား တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။ ဆက်လက်၍ လှိုဏ်ဂူရှင်ဘုရားကြီး ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော် ဦးဌိတိပညောထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့၊ မယ်ယန်းကုန်သွယ်ရေးစခန်းသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် OSS အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုန်သည်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် OSS အဖွဲ့များက ဝိုင်းဝန်းကူညီပေးကြရန် လိုအပ်ကြောင်း တရားမဝင် ကုန်သွယ်မှုများ ပပျောက်အောင်လည်း ဒေသခံပြည်သူများ၊ ကုန်သည်လုပ်ငန်းရှင်များမှလည်း ပါဝင်ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တာချီလိတ်မြို့၊ မယ်ယန်းကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးဝင်းလွင်မှ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ကုန်သည်လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များအား တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးကာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် တာချီလိတ်မြို့၊ ဝမ်လုံကျေးရွာအုပ်စု၊ လွယ်စတုံရွာရှိတင်မြင့်ရီသစ်အချောထည်စက်ရုံသို့ ရောက်ရှိရာ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်သိန်းနိုင်မှ သစ်အချောထည်လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး စက်ရုံအတွင်း သစ်အချောထည် ပြုလုပ်မှုတို့အား လိုက်လံကြည့်ရှုအားပေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီ ၂၇ ရက် နံနက် နာရီတွင် တာချီလိတ်မြို့၊ ဆန်ဘိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမတွင် ကျင်းပသော မြန်မာနိုင်ငံသားဘဏ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ရှေးဦးစွာ ဘဏ်အဆောက်အဦးအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြန်မာနိုင်ငံသားများဘဏ်ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊ စစ်ဗျူဟာအဖွဲ့ အခြေချတာချီလိတ်(စစ်ဗျူဟာမှူး) ဗိုလ်မှူးကြီးသော်ဇင်ဉီး၊ အာခါတိုင်းရင်းသား လူမျိုးရေးရာနာယက ဉီးမင်းညို၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဉက္ကဋ္ဌ ဉီးမြင့်နိုင်၊ တာချီလိတ်မြို့မိ၊ မြို့ဖ ဦးကြည်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘဏ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ဘဏ်အတွင်း လှည့်လှည်ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၀ နာရီတွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်()သို့ ရောက်ရှိရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဥက္ကဋ္ဌ ဉီးမြင့်နိုင်မှ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်နေမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်()သို့ ရောက်ရှိပြီး One Stop Service အဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်