နေပြည်တော် ၂၈ ဇန်နဝါရီ
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာအကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်မှုများ၊ နေရပ်ပြန်လာသူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးရာ၌ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် အာဆီယံတို့နှင့် ပူးပေါင်းဆောင်ရွက်မှု နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နိုင်ငံသားလျှောက်ထားမှုလုပ်ငန်းစဉ် ပိုမိုလျင်မြန်သွက်လက်လာစေရေးကိစ္စ၊ မကြာမီက မြန်မာကိုယ်စားလှယ်အဖွဲ့ ကော့ခ်ဘဇားသို့သွားရောက်၍ နေရပ်စွန့်ခွာသူများနှင့် ထိတွေ့ရှင်းလင်း ပြောကြားခဲ့မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံ ဆောင်ရွက်ချက်များချမှတ်ပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ လျှောက်ထားချက်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အပေါ် သဘောထားအမြင်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အပြီးသတ် အစီရင်ခံစာ၏ အကြံပြုချက်အရ တာဝန်ခံမှုရှိရေးကိစ္စကို ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်