သထုံ   ၂၈  ဇန်နဝါရီ 

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၁၉ ခုနှစ် မိုးရာသီကာလ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က အမှာစကား ပြောကြားပြီး ပျက်စီးခဲ့သည့် ကျောက်တန်းကျေးရွာအုပ်စုနှင့် ဒုံဝန်းကျေးရွာအုပ်စုတို့မှ မိုးစပါးစိုက်ဧကပေါင်း ၂၂၅၈ ဧကတို့အတွက် မျိုးစပါးဝယ်ယူရန် တစ်ဧကလျှင် ငွေကျပ် ၁၀ဝ၀ဝ နှုန်းဖြင့် စုစုပေါင်း ၂၂၅၈၀ဝ၀ဝ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

a

 

ဆက်လက်၍ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်နှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးမျိုးသန့်တို့က သထုံမြို့နယ်အတွင်း မိုးစပါးပျက်စီးခဲ့မှု အခြေအနေ၊ ပျက်စီးမှုများနှင့်ပတ်သတ်၍ ကဏ္ဍအလိုက် ထောက်ပံ့ခဲ့မှုများ၊ စပါးနှင့် အခြားသီးနှံများ အထွက်တိုးရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မိုးစပါးစိုက် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဦး(သထုံ)