ရန်ကုန်  ၂၈  ဇန်နဝါရီ

ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေး အသိပညာပေးအစီအစဉ် (Kaeru Caravan)ကို ဂျပန်နိုင်ငံအတွင်းရှိ ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များကြားတွင် အထူးရေပန်းစားလျက်ရှိသည့် အစီအစဉ်တစ်ခု ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ၏ မိတ်ဖက်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများ အပါအဝင် အာရှနဲ့ အာဆီယံဒေသတွင်း နိုင်ငံများမှာလည်း ဂျပန်ဖောင်ဒေးရှင်းနှင့် JICA တို့ပူးပေါင်းကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေး အစီအစဉ် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား အသိပညာပေး ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ဒေသအလိုက် ကြုံတွေ့ရလေ့ရှိသည့် ရေလွှမ်းမိုးခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မြေပြိုခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မီးလောင်မှုဖြစ်ပွားခြင်းနှင့် အခြားသော ရုတ်တရက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ရသည့်အခါ လိုက်နာနေထိုင် ပြုမှုဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့ကို လက်တွေ့သင်ကြား ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

 

a

 

ဆက်လက်၍ သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဂိမ်းကစားနည်းများကို ကျောင်းသား ကျောင်းသူလေးများက အဖွဲ့လိုက်ယှဉ်ပြိုင်ကစားခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အသိပညာပေးအစီအစဉ်တွင် ခေတ်မီမီးငြှိမ်းသတ်ရေးယာဉ်နှင့် စက်ပစ္စည်းများအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများကို ပြသထားရှိရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။

နိုင်လင်း၊ အေးသိန်း