နေပြည်တော် ၂၈ ဇန်နဝါရီ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 အမျိုးသား(ဘောလုံး)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

 

a

 

ဖွင့်ပွဲတွင် အစီအစဉ်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာ့ဘောလုံးအားကစားကို အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ရေးသည် ပြည်သူတစ်ရပ်လုံး လိုလားချက်ဖြစ်သည်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ရပ်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရေးအတွက် ဘောလုံးအကယ်ဒမီကျောင်းများ ဖွင့်လှစ်ခြင်း၊ သက်တမ်းအလိုက် ပြည်တွင်းပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပြည်ပပြိုင်ပွဲများ စေလွှတ်ယှဉ်ပြိုင်ခြင်း၊ အိမ်ရှင်အဖြစ်လက်ခံ၍ ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပပေးခဲ့ပါကြောင်း၊ ယခုတိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲမှ ထူးချွန်ထက်မြက်သော သွေးသစ်ဘောလုံးသမားများအနေဖြင့် မြန်မာ့လက်ရွေးစင် လူငယ်ဘောလုံးအသင်းက ရွေးချယ်လေ့ကျင့်ပေးပြီး နိုင်ငံကိုယ်စားပြု ကစားနိုင်သည့်အထိ အောင်မြင်မှုများရရှိအောင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲရည်မှန်းချက်မြင့်မားသည်နှင့် အညီပြိုင်ပွဲ အနှစ်သာရများ အကောင်အထည်ပေါ်အောင် တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဒိုင်လူကြီးများအနေဖြင့် သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ တရားမျှတစွာ ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများကလည်း အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်ကအားထားရမည့် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်အောင် ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားကာ ၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၁)နှစ်အောက် အမျိုးသား(ဘောလုံး)ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

 

a

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲဝင် အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

a

 

ယနေ့ပြိုင်ပွဲများအဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းမှ (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။ 

သတင်းစဉ်