နေပြည်တော် ၂၈ ဇန်နဝါရီ
လူငယ်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူငယ်များကိုယ်တိုင် ပါဝင်ရေးဆွဲထားသော လူငယ်ရေးရာမူဝါဒ ပေါ်ပေါက်ပြီးဖြစ်ရာ မဟာဗျူဟာ စီမံကိန်းကိုလည်း ရေးဆွဲပြီးဖြစ်ကြောင်း၊ ဒေသတစ်ခုနှင့်တစ်ခု အခြေအနေများ၊ လိုအပ်ချက်များ မတူညီကြသည့်အတွက် လူငယ်များအနေဖြင့် ကိုယ့်ဒေသအတွက် အကောင်းဆုံးအခြေအနေကို ဖန်တီးနိုင်အောင် ကဏ္ဍ(၁၆)ရပ် ထည့်သွင်းထားပါကြောင်း၊ ဒေသတစ်ခုချင်းရှိ လူငယ်များအနေဖြင့် တစ်စုတစ်ဖွဲ့တည်းသာမက လူငယ်အဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ ရေရှည်တည်တံ့မှုရှိသော လုပ်ငန်းစဉ်များအတွက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာ၊ စီမံချက်များဖြင့် စနစ်တကျပုံဖော်လျက်ရှိကြောင်း၊ လူငယ်များပါဝင် ရေးဆွဲခဲ့သော လူငယ်ရေးရာ မဟာဗျူဟာ အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ အပြန်အလှန် ညှိနှိုင်းဆွေးနွေး အဖြေရှာကြပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ညှိနှိုင်းစရာများ များစွာရှိမည်ဖြစ်ကြောင်း၊ လူငယ်များသည် ဒီမိုကရေစီအဆင့်အတန်းကို မြှင့်တင်နိုင်သူများဖြစ်ကြောင်း၊ ဒီမိုကရေစီအဆင့်အတန်းသည် မျှတသော ရွေးကောက်ပွဲဖြစ်ခြင်း၊ ပြည်သူ့ဆန္ဒအရ ပေါ်ပေါက်လာသော ပြည်သူ့အစိုးရ၏ ဆောင်ရွက်မှုများသည် ပြည်သူ့အကျိုးကို ဆောင်ရွက်ခြင်းရှိ/မရှိ စောင့်ကြည့်ထိန်းကျောင်းပေးနိုင်ခြင်း၊ ပြည်သူများသည် နိုင်ငံ၏အရေးကို စိတ်ပါဝင်စားခြင်း၊ အစိုးရ၏ ဆောင်ရွက်ချက်များတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်နိုင်မှု အားကောင်းခြင်းနှင့် ဥပဒေဘောင်အတွင်းမှ လွတ်လပ်မှုရရှိခြင်း တို့အပေါ် မူတည်ကြောင်း။
လူငယ်အားလုံးက စည်းလုံးညီညွတ်စွာဖြင့် ဒီမိုကရေစီအဆင့်အတန်းကို မြှင့်တင်အမြစ်တွယ်အောင် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဖြတ်သန်းရမည့် အချိန်အကန့်အသတ်ကို ဥပဒေဘောင်အတွင်းမှ အကျိုးရှိစွာ အသုံးချတတ်ရန်လိုပါကြောင်း၊ လူငယ်မူဝါဒနှင့်ပတ်သက်၍ မဟာဗျူဟာအရ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ရာ လူငယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ လူငယ်များအနေဖြင့် တဒင်္ဂဆုံးဖြတ်ချက်ဖြင့် မဆောင်ရွက်ဘဲ အမြော်အမြင်ရှိစွာ စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ အပြောင်းအလဲများသည် အချိန်ယူရပြီး ရေရှည်ဆောင်ရွက်ရမည် ဖြစ်သောကြောင့် စိတ်ရှည်သည်းခံ၍ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ အစိုးရအနေဖြင့် မည်သည့်လူငယ်များကိုမဆို တန်ဖိုးထားပါကြောင်းနှင့် ချန်လှပ်ထားခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ပြောကြားသည်။
အဆိုပါ လူငယ်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများတွေ့ဆုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲကာလအတွင်း မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို စနစ်တကျ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ သုတေသနစာတမ်း၊ မြန်မာနိုင်ငံတွင် ကောင်းမွန်သောအုပ်ချုပ်ရေး မြှင့်တင်နိုင်မည့် နည်းလမ်းကောင်းများစာတမ်းနှင့် မြန်မာနိုင်ငံ လူငယ်ရေးရာရေးဆွဲမှုဖြစ်စဉ်၊ လူငယ်နှင့်ရွေးကောက်ပွဲ၊ လူငယ်နှင့်ငြိမ်းချမ်းရေးဆိုင်ရာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်