ရန်ကုန် ၂၉ ဇန်နဝါရီ
(၁၉)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား ပန်းမန်နှင့် သစ်သီးဝလံပြပွဲပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကန်တော်ကြီး သဘာဝဥယျာဉ်မုခ်ဦး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်ခင်မိမိကြွယ်၊ ရန်ကုန်မြို့တော်ဝန်၏ဇနီး ဒေါ်ခင်မြမြအောင်၊ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ မြန်မာနိုင်ငံ ပန်းဝါသနာရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစောလွင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ယခုနှစ် ပြပွဲပြိုင်ပွဲတွင် သစ်သီးဝလံပြပွဲပါဝင်ပြီး အမျိုးအစား ၁၅ မျိုး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ ပန်းမန်ပြပွဲတွင် အရွက်အလှပင်များ၊ အပွင့်အလှပင်များ၊ သစ်ခွနှင့် သဇင်ပန်းအမျိုးမျိုးသာမက မြန်မာနိုင်ငံ ပန်းဝါသနာရှင်များအသင်း၊ မြန်မာနိုင်ငံ ဝါးအသင်း စသည့်အသင်းများနှင့် အရောင်အသွေးစုံသော ပန်းအလှပင်များကို အများအပြား ပြသထားသည်။

အဆိုပါ ပန်းမန်နှင့် သစ်သီးဝလံပြပွဲသို့ ရန်ကုန်မြို့ခံ ပန်းဝါသနာရှင်များသာမက အခြားသော မြို့နယ်များမှလည်း လာရောက်ယှဉ်ပြိုင်လျက်ရှိကာ ပြပွဲသို့ လူငယ်လူရွယ်များ၊ မိသားစုများ၊ ပန်းချစ်သူများ လာရောက်လေ့လာ ကြည့်ရှုလျက်ရှိသည်ကို တွေ့ရသည်။
ယနေ့ပြိုင်ပွဲတွင် ပန်းအလှဆင် ၁၇ ခုနှင့်အတူ ပန်းပြခန်း၊ ပန်းအရောင်းဆိုင် ၅၁ ဆိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို ဇန်နဝါရီ ၂၈ ရက်မှ ဖေဖေါ်ဝါရီ ၂ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပမည်ဖြစ်ကာ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်း-အာကာလင်း၊ဓာတ်ပုံ-အာကာစိုး