ဘုတလင် ၂၈ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ မြောက်တောကျေးရွာအုပ်စုတွင် အဆင့်မြင့်လယ်ယာ ဧက (၁၀ဝ) ဖော်ဆောင်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုရာတွင် လယ်ယာမြေ ဧက(၁၀ဝ) တစ်ဆက်တစ်စပ်တည်း ရရှိနိုင်မည့်အခြေအနေ၊ အဆင့်မြင့်လယ်ယာတွင် ရေသွင်း၊ ရေထုတ်မြောင်းများဖြင့် ရေကိုလုံလောက်စွာရရှိရေးအတွက် မြစ်ရေတင်လုပ်ငန်းမှ ရေပေးပို့နိုင်မည့် အခြေအနေတို့ကို စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့က ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဘုတလင်မြို့နယ်တွင် ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က မြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် Tech United Power ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆည်ဝကျေးရွာ၊ ကွင်းအမှတ် (၁၄၅)တွင် လယ်တစ်ကွက်လျှင် အလျား ပေ ၃၆၃၊ အနံ ပေ ၁၂၀ နှုန်းဖြင့် အဆင့်မြင့်လယ်ယာမြေ ဧက(၁၀ဝ)ကို ဆောင်ရွက်ခဲ့ပြီး ယခုနှစ် မိုးစပါးကို စတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)