မန္တလေး ၂၈ ဇန်နဝါရီ
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာမှ တိုက်ခန်း(၅၇၀)ကျော်ကို မန္တလေးမြို့(၆)မြို့နယ်အတွင်းနေထိုင်သော အငြိမ်းစားဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းများနှင့်ပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာမှ တိုက်ခန်းဝယ်ယူလိုသူများအနေဖြင့် တိုက်ခန်းလျှောက်လွှာပုံစံများကို ဇန်နဝါရီ ၂၇ ရက် မှ စတင်ရောင်းချခဲ့ပြီး ရုံးပိတ်ရက်များအပါအဝင် ဇန်နဝါရီ ၂၇ ရက် မှ ဖေဖော်ဝါရီ ၇ ရက်အထိ ရောင်းချသွားမည်ဖြစ်သည်။ အဆိုပါ လျှောက်လွှာပုံစံများကို တစ်စောင်လျှင် ငွေကျပ်တစ်ထောင်နှုန်းဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးဝင်းအတွင်းရှိ ဓမ္မာရုံရှေ့တွင် ရောင်းချပေးလျက်ရှိပြီး လျှောက်လွှာများကို ဖေဖော်ဝါရီ ၁၇ ရက် မှ ၂၈ ရက် အတွင်း ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာမှာ RC ၄ ခန်းတွဲ ၆ ထပ် အဆောက်အအုံဖြစ်ပြီး အိမ်ခန်းတစ်ခန်းလျှင် ၆၆၁ စတုရန်းပေရှိ အခန်းပေါင်း (၅၇၄)ခန်း ပါဝင်ကြောင်း သိရသည်။ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာများ ရောင်းချမှုအနေဖြင့် ပထမအကြိမ်တွင် တိုက်ခန်း(၆၇၂)ခန်း၊ ဒုတိယအကြိမ် တွင် ၅၄၂ ခန်း ရောင်းချခဲ့ပြီး ယခုတတိယအကြိမ်တွင် ၅၇၄ခ န်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)