မြစ်ကြီးနား  ၂၉  ဇန်နဝါရီ

 

တရုတ်နိုင်ငံ ထိန်းချုံးမြို့မှ ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် ကချင်ပြည်နယ်သို့ ပြန်လည် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုဖြင့် လက်ခံနိုင်ရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည်  ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

 

အစည်းအဝေးတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်က တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ပိုးကို ပြည်နယ်အတွင်း ဝင်ရောက်ပြန့်ပွားမှုမရှိစေရန် ထိန်းချုပ်ကာကွယ်ဆောင် ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရေး၊ ထို့အပြင် ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာပြည် အတွင်းသို့ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသား အလုပ်သမားများအား ကျန်းမာရေးစစ်ဆေးမှု ဖြင့် လက်ခံဆောင်ရွက်ရာတွင် လိုအပ်သည်များကို ထပ်မံဖြည့်ဆည်း၍ ကြိုတင်စီမံဆောင်ရွက်သွား ကြရေး၊ အလားတူပန်ဝါ၊ လွယ်ဂျယ်စသည့် နယ်စပ်ဂိတ်များတွင်လည်း လိုအပ်ချက်များ ကြိုတင်ဖြည့် ဆည်းဆောင်ရွက်ထားကြရေး မှာကြားသည်။

 

ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ထိန်ချုံးမြို့၏ လက်ရှိ အခြေအနေအရ ယာယီပိတ်သိမ်းထားသည့် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား အလုပ်သမားများ ပြန်လည်ရောက်ရှိလာမည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာအေးသိန်းက နယ်စပ် ဂိတ်များ၌ ရောဂါပိုးတားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအညီ ကြိုတင်စစ်ဆေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဝင်ရောက်လာသည့် နိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများကို ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းနှင့် ထိန်းချုပ်ကာကွယ် သွားမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ နယ်စပ် ဝင်/ထွက်ဂိတ်များမှ တစ်ဆင့် နိုင်ငံသားနှင့် တဖက်နိုင်ငံသားများ လတ်တလောတွင် ဝင်/ထွက်သွားလာ မှုအခြေအနေ၊ ဂိတ်များအတွင်း ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားအလုပ်သမားများနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေး လက်ခံဆောင်ရွက်မည့် အခြေအနေနှင့် ကူးစက်ရောဂါပိုးကာကွယ်တားဆီးရေးလုပ်ငန်းများအတွက် အုပ်ချုပ်ရေးဆိုင်ရာအထောက်အပံ့ပေးနိုင်မှုအခြေအနေတို့နှင့် လိုအပ်ချက်ရှိသည့် လူနာတင်ယာဉ်နှင့် လူအင်အားဖြည့်ဆည်းပေးနိုင်ရေး၊ ဝင်ရောက်လာသူများအား စိစစ်ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြရာပြည်နယ်ဝန်ကြီးချုပ်က ကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်းများအပြင်အရေး ပေါ်အခြေအနေတွင် ထိန်းချုပ်စီမံဆောင်ရွက်ရမည့် ကိစ္စရပ်များကို အလေးထားဆောင်ရွက်ရေးနှင့် လိုအပ်ချက်ရှိသည့် လူနာတင်ယာဉ်နှင့် လူအင်အားဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆုံးဖြတ်ပေးခဲ့သည်။

 

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နယ်စပ်ဝင်/ ထွက်ဂိတ်များတွင် ဝူဟန် ကိုရိုနာဗိုင်းရပ်ကူးစက် ရောဂါပိုးဝင်ရောက်မှုမရှိစေရေး ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို ဆောင် ရွက်ထားလျက်ရှိသည့်အပြင် တရုတ်နိုင်ငံဘက်ခြမ်းတွင်လည်း တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိသဖြင့် တားဆီးထိန်းချုပ်လျက်ရှိသည့်အပြင် ထိန်ချုံးမြို့ ဝင် / ထွက်ပေါက်များနှင့် မြန်မာနယ်စပ်ဂိတ် ဟိန်းရင်ထန်ဂိတ်တွင်လည်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် လတ်တလော အခြေအနေအရ ထိန်းချုံးမြို့ရှိ ကုမ္ပဏီအချို့မှာ ယာယီလုပ်ငန်းရပ်ဆိုင်းထားသဖြင့် ၎င်းကုမ္ပဏီများတွင် လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအလုပ်သမားများကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်စေလွှတ် ရန်ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ပြည်နယ်ပြန်/ဆက်