ယင်းမာပင် ၂၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ (ဂ)ရပ်ကွက် မဟာမှန်စီသီးပင်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူမည့် လေးကျွန်းစကြာ အေးချမ်းအောင်မြင် ဆုတောင်းပြည့် မြတ်စွာဘုရား ထိုင်တော်မူရုပ်ပွား ဆင်းတုတော်ကြီး တည်ဆောက်ရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း ဘုရားကြီးအား ဦးစီးပြီး တည်ဆောက်လျက်ရှိသော ပန်းတော့ပညာရှင် ဦးခင်မောင်စိုး၏ ပြောပြချက်အရ သိရသည်။
အဆိုပါ ရုပ်ပွားတော်ကြီးကို ၂၀၁၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့က ပန္နက်တော်တင်မင်္ဂလာကျင်းပ ပြုလုပ်ကာ ထိုင်တော်မူရုပ်ပွားဆင်းတုတော်၏ ပလ္လင်တော်မှ စတင်၍ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တည်ဆောက်ရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
"ဆရာတော်ကြီးရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေကို တစ်ရက်ကို အလုပ်သမား ၃၀ ကျော်နဲ့ ထိုင်တော်မူရုပ်ပွားဆင်းတုတော်၊ ပလ္လင်တော်တို့ကတော့ ၉ လလောက်အကြာမှာ ပြီးသလောက် ဖြစ် သွားပါပြီ၊ ပလ္လင်တော်က အတွင်းမှာလိုဏ်ပါတော့ အတွင်းပိုင်းပြင်ဆင်မူများ လုပ်နေတာပါ၊ အပြင်ပိုင်းမှာ ရုပ်ပွားတော်ကြီး ရောင်တော်ဖွင့်တာတွေ လုပ်တော့မယ်၊ ဘုရာကြီးကို လာရောက်ဖူးမြော်နိုင်ဖို့ရန်အတွက် ရင်ပြင်တော် တည်ဆောက်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ လုပ်ငန်းအားလုံးကိုတော့ လမည့် တပေါင်းလ(မတ်လ)အတွင်း ပြီးစီးမှာဖြစ်ပါတယ်" ဟု ပန်းတော့ပညာရှင် ဦးခင်မောင်စိုးက ပြောပြသည်။

လေးကျွန်းစကြာအေးချမ်းအောင်မြင် ဆုတောင်းပြည့် မြတ်စွာဘုရား ထိုင်တော်မူရုပ်ပွားဆင်းတုတော်ကြီးသည် ဒူးခွင်တော်အကျယ် ၃၅ ပေ၊ ဉာဏ်တော် ၄၁ ပေ ၆ လက်မနှင့် ပလ္လင်တော်အမြင့် ၁၃ ပေ၊ စုစုပေါင်း ဉာဏ်တော်အမြင့် ၅၄ ပေ ၆လက်မ ရှိမည့်ဖြစ်ပြီး ပလ္လင်တော်အတွင်း လိုဏ်ထဲတွင် ထိုင်တော်မူ ဆင်းတုတော် ၉ ဆူ၊ ရပ်တော်မူရုပ်ပွားတော် ၄ ဆူ တို့အား ထားရှိပူဇော်သွားမည်ဖြစ်ကြောင်းနှင့် အရှေ့အနောက် တစ်ဖက်လျှင် အရှည်ပေ ၁၅၀၊ တောင်နှင့်မြောက် တစ်ဖက်လျှင် အရှည် ၁၂၅ ပေ ရှိ ရင်ပြင်တော်ကြီး တစ်ခုပါရှိမည်ဖြစ်ကြောင်း သိရသည်။
မဟာမှန်စီသီးပင်ကျောင်းဆရာတော် ဦးဝိစက္ခဏမှ လေးကျွန်းစကြာအေးချမ်းအောင်မြင် ဆုတောင်းပြည့် မြတ်စွာဘုရား ရုပ်ပွားဆင်းတုတော် တည်ထားကိုယ်ကွယ်နိုင်ရန် မြေလှူဒါန်းပြီး ဘုရားဒါယကာ ဦးလှိုင်မြင့်နှင့် ဘုရားဒါယိကာမ ဒေါ်ခင်သီတာဝင်း မိသားစုတို့က လှူဒါန်းပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)