မန္တလေး ၂၉ ဇန်နဝါရီ
မြန်မာနိုင်ငံ အနာကြီးရောဂါခံစားရသူများအသင်းနှင့် The Leprosy Mission Myanmar တို့ ပူးပေါင်းကျင်းပသော ကမ္ဘာ့အနာကြီးရောဂါနေ့ အခမ်းအနားကို မန္တလေးမြို့၊ ၇၈လမ်းပေါ်ရှိ Wilson Hotel တွင် ယနေ့ နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံအနာကြီးရောဂါ ခံစားရသူများအသင်းဉက္ကဋ္ဌ ဦးစိုးဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ စီမံကိန်းမန်နေဂျာ ဒေါက်တာမျိုးကိုကိုဇော်မှ မြန်မာနိုင်ငံ အနာကြီးရောဂါ အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မုံရွာအနာကြီးရောဂါ ခံစားနေရသူများ အသင်းမှ အသိပညာပေး တစ်ခန်းရပ်ပြဇာတ်ဖြင့် ဖျော်ဖြေခဲ့ကြသည်။
ဆက်လက်ပြီး အနာကြီးရောဂါဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲအား ကျင်းပရာ စာရေးဆရာဦးကျော်ရင်မြင့်၊ မြန်မာနိုင်ငံ အနာကြီးရောဂါ ခံစားရသူများအသင်း ဗဟိုအတွင်းရေးမှူး ဒေါ်သီတာမြင့်၊ The Leprosy Mission Myanmar မှ ဒါရိုက်တာ ဦးဇော်မိုးအောင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးချစ်တူးတို့ ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် အလှူရှင်များက The Leprosy Mission Myanmar သို့ အလှူငွေများပေးအပ်ရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
အဆိုပါ အခမ်းအနားကို အနာကြီးရောဂါအကြောင်း ပြည်သူ့လူထုအကြား ပိုမိုပျံ့နှံသိရှိသွားစေရန်၊ အနာကြီး ရောဂါ ကူးစက်ခံစားရသည်ကို စောစီးစွာသိရှိပြီး စောနိုင်သမျှစောစော ဆေးကုသမှုခံယူခြင်းဖြင့် ရောဂါကူးစက်မှုနှင့် ကိုယ်အင်္ဂါချို့ယွင်းမှု လုံးဝပပျောက်စေရန်၊ အနာကြီးရောဂါ ခံစားနေရသူများ၏ ကိုယ်စိတ်ဝေဒနာများကို အများ နားလည်ကိုယ်ချင်းစာပြီး ၎င်းတို့နှင့် ထပ်တူခံစားတတ်စေရန်၊ အနာကြီးရောဂါနှင့် ပတ်သက်သော ခွဲခြား ဆက်ဆံမှုများ ပပျောက်ပြီး လူ့အသိုင်းအဝိုင်းအတွင်း အကျုံးဝင်လာစေရေးအတွက် ချစ်ခြင်းမေတ္တာဖြင့် ဝိုင်းဝန်းကူညီစေရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအနာကြီးရောဂါ ခံစားရသူများအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


