တန့်ဆည် ၂၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ပေါက်တော ကျေးရွာ၊ အုန်းတောကျေးရွာ၊ ငနွဲ့ဇင်ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP မိတ်ဆက် ရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အုပ်ချုပ်ရေးမှူး နေအိမ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တန့်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်ဇင်က ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိ လိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် စီမံချက်ရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေး အခြေခံအချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက် လုပ်ငန်းများအား မြို့နယ်အဆင့်ဦးစီးဌာန အသီးသီး၏ ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် ရည်ရွယ်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျေးရွာပြည်သူများ၏ဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ရွေးချယ်ခန့်အပ်ခဲ့ပြီး သင်တန်းသား (၂) ဦးအား ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)


