နမ့်ခမ်း ၂၈ ဇန်နဝါရီ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် တရုတ်နိုင်ငံဘက်မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဇန်နဝါရီ (၂၈)ရက် နံနက်(၁၀)နာရီတွင် နမ့်ခမ်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်း ပြုလုပ်ကျင်းပသည်။

 

ရှေးဦးစွာ နမ့်ခမ်းမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ် ဒေါက်တာစိုင်းလှတင်က တရုတ်နိုင်ငံနှင့် အခြားပြည်ပနိုင်ငံတို့၌ ကိုရိုနာဗိုင်းရပ်စ်  ကူးစက်ပြန့်ပွားမှု အခြေအနေများ၊ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပုံ၊ ကူးစက်ပုံနှင့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။

 

1

 

ထို့နောက် နမ့်ခမ်းမြို့၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးအေးမောင်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်တို့က မြန်မာနိုင်ငံ၊ နမ့်ခမ်း-တရုတ်နယ်စပ်၊ ရွှေလီမြစ်ကူး၊ ကတိုးဆိပ်ကမ်းများမှ ဖြတ်သန်းသွားလာသူများအား ကျန်းမာရေးစစ်ဆေးချက်များ ထိရောက်စွာ စစ်ဆေးဆောင်ရွက်မည့်အကြောင်းကို ပြောကြားသည်။

 

ဆက်လက်ပြီး နမ့်ခမ်းမြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ နယ်စပ်ဒေသမှ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် လူဝင်/လူထွက် သွားလာမှုများနှင့် ပြည်ပဧည့်သည်များ သွားလာရာ၌ ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ဝိုင်းဝန်းပူးပေါင်း၍ သတင်းအချက်အလက်များ ပေးပို့ကြရန် ပြောကြားသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရပ်မိ/ရပ်ဖများက ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းပြီး နမ့်ခမ်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုများ အဝင်/အထွက် သွားလာမှုအခြေအနေများနှင့် လုံခြုံရေးကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)