ချင်းရွှေဟော် ၂၉ ဇန်နဝါရီ
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် အဝင်အထွက် နယ်စပ်ဂိတ်၌ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ချင်းရွှေဟော် နယ်စပ်ဂိတ်၌ ဇန်နဝါရီ ၂၇ ရက်၊ နံနက် (၉) နာရီအချိန်မှ စတင်၍ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာသူများကို အဖျားတိုင်းတာခြင်း၊ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) ကူးစက်ခြင်းရှိ/မရှိစစ်ဆေးမှုများနှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေခြင်းများကို ချင်းရွှေဟော်မြို့အုပ်ချုပ် ရေးမှူး၊ ပြည်သူ့ဆေးရုံတာဝန်ခံ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများဦးဆောင်ပြီး ဌာနဆိုင်ရာများစုပေါင်းကာ ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

ယနေ့နံနက်(၉) နာရီအအထိ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာသူ လူဦးရေ ၁၂၀၀ ခန့်အား စစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) သံသယရှိလူနာ မရှိသေးကြောင်း သိရသည်။
အဆိုပါ ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင်)ရောဂါပိုး စစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ်နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသူများကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)