ဘိုကလေး  ၂၉  ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှု၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍  ကလေးစာပေပွဲတော်(ဘိုကလေး) ဖွင့်ပွဲကို ယနေ့နံနက်၉ နာရီက ဘိုကလေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တာဝန်ရှိသူများနှင့် လူရည်ချွန်မယ် မဆုပြည့်စုံထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song ဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

 

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဘိုကလေးမြို့နယ် ကလေးစာပေပွဲတော်သည် ဧရာဝတီတိုင်းအတွင်း (၂၁)ကြိမ်မြောက် ကျင်းပသည့် ပွဲတော်ဖြစ်ကြောင်း၊ ကလေးစာပေပွဲတော်များ ကျင်းပပေးခြင်းသည် ကလေးများအနေဖြင့် ပျော်ရွှင်ကျေနပ်မှု၊ မိမိကိုယ်ကို မိမိယုံကြည်မှု၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာမှုများ ရရှိလာမည့်အပြင် ဘဝတစ်လျှောက်လုံးမှာ ခံယူကျင့်သုံးရမည့် အသိအမြင် ဗဟုသုတများရရှိလာခြင်းတွေသည် တန်ဖိုးမဖြတ်နိုင်သည့် ဘဝအတွေ့အကြုံများဖြစ်ကြောင်း၊ ကလေးများရဲ့ အနာဂတ်ကို ပိုမိုထွန်းတောက်စေမည့် စိတ်ကူးအိပ်မက်များကို မြှင့်တင်ပေးနိုင်ခဲ့ခြင်းကိုလည်း မိဘများ၊ ဆရာ ဆရာမများနှင့် ကလေးများကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ တွေမြင်ခဲ့ပြီ ဖြစ်ကြောင်း၊ ကလေးများကို ဦးတည်၍ ကျင်းပသည့် ကလေးစာပေပွဲတော်ဖြစ်သည့်အတွက် ရည်ရွယ်ချက်အနေနဲ့ အမြင့်မားဆုံးရှိသည်ဖြစ်ကြောင်း၊ ကလေးစာပေပွဲတော်မှ ရရှိသည့် အသိအမြင် စိတ်ကူးစိတ်သန်းများကို ကျောင်းသား/သူများ၊ ဆရာ/မများ၊ မိဘများအနေဖြင့် မိမိတို့ဘဝ၊ မိမိတို့ မိသားစုနှင့် မိမိတို့ မြို့ရွာ နိုင်ငံအကျိုးအတွက် မြှင့်တင်အသုံးချနိုင်အောင်ကြိုးပမ်းဖို့ လိုအပ်ကြောင်း ပြောကြားသည်။

 

တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်  ဧည့်သည်တော်များမှ ကျောင်းသား/သူများ၏ တေးသရုပ်ဖော်၊ အကပဒေသာများကို ကြည့်ရှုအားပေးပြီး ကလေးစာပေပွဲတော်(ဘိုကလေး)ရှိ ခင်းကျင်းပြသထားသည့် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်း၊ ကလေးစာဖတ်ခန်း၊ ပညာရေးကောလိပ်၊ ကျန်းမာရေး၊ တော်ဝင်ရွှေလက်၊ ပညာရေး၊ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးအဖွဲ့၊ လူငယ်ရေးရာ၊ မီးသတ်၊ သစ်တော၊ ကြက်ခြေနီ၊ စည်ပင်သာယာရေးပြခန်းများ၊ စာပေဟောပြောပွဲ၊ ပြိုင်ပွဲများ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းပညာပေးယာဉ်ဖြင့် အသိပညာပေးဆောင်ရွက်နေမှုများ၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ Unicode စနစ်ပြောင်းလဲရေး ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်နေမှုများ၊ စာအုပ်ဈေးရောင်း ပွဲတော် ကျင်းပနေမှုများနှင့် အသင်းအဖွဲ့များမှ စတုဒိသာ ဧည့်ခံကျွေးမွေးနေမှုများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

 

ဧရာဝတီတိုင်းဒေသကြီး အတွင်း၌(၂၁)ကြိမ်မြောက် ကျင်းပသည့် ကလေးစာပေပွဲတော် (ဘိုကလေး) ကို ဇန်နဝါရီ (၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၅)နာရီထိ ကျင်းပမည်ဖြစ်ကြောင်းနှင့် မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဝင်းမြင့်အောင်၊ ဝင်းကြိုင်၊ မိုးစက်၊ အောင်ဝင်းနိုင်(ပြန်/ဆက်)