လွိုင်ကော် ၂၉ ဇန်နဝါရီ
(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော် ကျင်းပရာတွင် ပါဝင်ကူညီဆောင်ရွက် ပေးကြသူများ နှင့် တည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် ကုမ္ပဏီများအား ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများအား စွမ်းစွမ်းတမံ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် ကုမ္ပဏီများအား တည်ဆောက်ပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် နှင့် ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲရေးဆိုင်ရာ ကဏ္ဍတွင် အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် ဖားဆောင်းမြို့နယ် အုပ်ချုပ်ရေးမှူးအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံခန့်ခွဲရေးဆိုင်ရာ ကဏ္ဍတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သော ဖားဆောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုး ၊မယ်စဲ့မြို့နယ် အခြေခံပညာကျောင်းရှေ့ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော မြင့်မြတ်အောင်စည် ကုမ္ပဏီ ၊ ကယောရွှေပြည် ကုမ္ပဏီ၊ပြည်တော်ဦး ကုမ္ပဏီတို့မှ တာဝန်ရှိသူတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းလေး(ပြန်/ဆက်)