ကန့်ဘလူ ၂၉ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မယ်ဇတောကျေးရွာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အနက်ပေ ၅၀ဝ ရှိ စက်ရေတွင်း တူးဖော်မှုလုပ်ငန်းများ အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

 

လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မြင့်လွင်ဦးနှင့် မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းအောင်တို့က ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီက သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။ အဆိုပါ စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းအပြင် ရေစင်၊ ရေစက်ရုံ ဆောက်လုပ်ခြင်း လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

 

ယင်းစက် ရေတွင်းသည် တစ်နာရီ ရေဂါလန် ၂၅၀ဝ ကျော်ထွက်ရှိကြောင်းနှင့် ယခုအခါ စက်ရေတွင်းကို ရေမှုတ်ခြင်း၊ ပန့်ချခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ရာ လုပ်ငန်းအားလုံး ပြီးစီးပါက မယ်ဇတောကျေးရွာရှိ အိမ်ခြေ ၂၀၅ ခန့်မှ လူဦးရေ ၁၀ဝ၀ ကျော်အတွက် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိမည်ဖြစ်ပြီး နွေရာသီ ရေရှားပါးသည့် အခက်အခဲကို ကျော်လွှားနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့ ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ဘဏ္ဍာနှစ်အလိုက် စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် NGO များ၊ INGO များနှင့်ပါ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ မယ်ဇတောကျေးရွာအပြင် ခအုံးတာကျေးရွာတွင်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် JICA တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုနှစ်တွင် ကန့်ဘလူမြို့နယ်၌ ကျေးလက်ရေရရှိရေး လုပ်ငန်းများအနေဖြင့် ယောကုန်း၊ ဥသျှစ်ကုန်း၊ သုံးဆင့်ကန်၊ ပဇီကလေး၊ လက်ပံကျွန်းကျေးရွာများ ဆက်လက်တူးဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)