မူဆယ် ၂၉  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် အနီးကပ်ဆုံးမြို့ဖြစ်သည့် တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ (၂) ဦးရှိနေကြောင်း ဇန်နဝါရီလ (၂၅) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်လိုက်သည်။ အဆိုပါ ကိုရိုနာဗိုင်းရစ်ပ် ကူးစက်ခံရသူ နှစ်ဦးသည် ဝူဟန်မြို့မှ ရွှေလီမြို့သို့ လာရောက်လည်ပတ်သည့် အသက်(၆၀)ကျော်၊ လင်မယား(၂)ဦး ဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာခြင်းတော့ မရှိသေးသော်လည်း အဆိုပါ သတင်းနှင့်ပတ်သက်၍ မူဆယ်မြို့ရှိ ပြည်သူလူထုများလည်း မူဆယ်မြို့သို့ ကူးစက်ပျံ့နှံ့လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။ “ကာကွယ်ဆေးမရှိသေးတဲ့ ဗိုင်းရစ်ပ်ရောဂါနဲ့ ပတ်သက်ပြီးတော့ မူဆယ်မြို့၊ ပြည်သူအနေနဲ့ စိုးရိမ်မကင်းဖြစ်ရပါတယ်၊ အခုဟာက ဆေးလည်းမရှိသေးဘူး၊ နည်းပညာပိုင်းမှာလည်း ကျွန်တော်တို့က မတတ်နိုင်သေးတဲ့အတွက် ကုသဖို့ထက်စာရင် ကြိုတင်ကာကွယ်ဖို့က ပိုအရေးကြီးပါတယ်၊ ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးပါပဲ၊ ဖြစ်ပြီးမှတော့ အားလုံးအတွက် အခက်အခဲတွေအများကြီး ကြုံတွေ့နိုင်ပါတယ်လို့ မူဆယ်မြို့နေ ပြည်သူဦးဝင်းနိုင်က ကြိုတင်ကာကွယ်ရမည့်အကြောင်းကို ပြောကြားသည်။

 

ပြည်သူလူထုတိုင်းရဲ့ စိတ်ထဲမှာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေပါတယ်၊ ဒီလိုဖြစ်နေတဲ့အချိန်မှာ သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းအမှန်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုထားပါတယ်၊ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးမယ်လို့လည်း အာဏာပိုင်အဖွဲ့အစည်းတွေက ပြန်လည် ပြောထားပါတယ်၊ တချို့သတင်းတွေက အမှားတွေရှိနေတဲ့အတွက် ပြန်လည်ချေဖျက်နိုင်ရန် မှန်ကန်တဲ့ သတင်းတွေကိုလည်း မြန်မြန်ဆန်ဆန်နဲ့ ပြည်သူလူထုကြားကို ပြန်လည်ဖြန့်ဝေပေးနိုင်ဖို့ ဇန်နဝါရီလ (၂၈) ရက်နေ့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ကြပါတယ်လို့ မူဆယ်မြို့၊ လူမှုကရုဏာ အသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြည်သူအကြား သတင်းအမှားတွေကြောင့် စိုးရိမ်ထိတ်လန့်မှု မဖြစ်ရန် သတင်းအမှန်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်မည့်အကြောင်းကို ပြောကြားသည်။

 

မြန်မာနိုင်ငံ ပြည်သူလူထုများနှင့် မူဆယ်မြို့ရှိ ပြည်သူလူထုများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သတင်းအမှားများကို  မယုံကြည်ကြရန်နှင့် မူဆယ်မြို့၊ ကျန်းမာရေးဦးစီးဌာနမှ သတင်းမှန် ထုတ်ပြန်ချက်များကိုသာ ပြည်သူလူထု များအနေဖြင့် ယုံကြည်ကြဖို့ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဆေးရုံအုပ် ဒေါက်တာမျိုးဇော်က ပြောကြားသည်။ “ဇန်နဝါရီ (၂၆) ရက်က လူနာနှစ်ဦးနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကြောင့် ပြည်သူလူထုတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ကြားသိရပါတယ်၊ အဆိုပါ လူနာနှစ်ဦးက အဖျား (38°C) ထက် ကျော်လွန်တဲ့လူနာကို တွေ့ပါတယ်၊ ကျွန်တော်တို့က သူတို့ရဲ့ သွားလာလှုပ်ရှားမှုအကြောင်းတွေကို မေးမြန်းတယ်၊ ဝူဟန်မြို့ကို ရောက်ရှိခြင်းရှိ၊ မရှိပေါ့၊ ပြီးတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူတွေနဲ့ပတ်သက်မှု ရှိမရှိ စတဲ့အကြောင်းတွေကို အသေးစိတ် မေးမြန်းပါတယ်၊ သူတို့ကို မေးမြန်းချက်အရ သူတို့မှာ ဘာပတ်သက်မှုမှ မရှိပါဘူး၊ သူတို့ကို ကျန်းမာရေး လိုအပ်ချက်တွေ ကုသနိုင်ရန်အတွက် ဆေးရုံကို ခေါ်လာပြီးတော့ တစ်ယောက်ကိုတော့ အတွင်းလူနာအဖြစ် ကုသပါတယ်၊ နောက်တစ်ယောက်ကို ပြင်ပလူနာအဖြစ် ကုသပါတယ်၊ အခုချိန်မှာတော့ သူတို့နှစ်ဦးစလုံးက ပုံမှန်အတိုင်းပြန်လည် သက်သာနေပါပြီ၊ ဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း ကျွန်တော်တို့ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်တဲ့ သတင်းအမှန်တွေကိုပဲ ယုံကြည်ကြဖို့ ပြောချင်ပါတယ်လို့ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဆေးရုံအုပ် ဒေါက်တာမျိုးဇော်က ပြောကြားသည်။

 

မူဆယ်ခရိုင်အတွင်းရှိ နယ်စပ်ဂိတ်များတွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မူဆယ်မြို့၊ ပရဟိတအသင်းအဖွဲ့များ ဝိုင်းဝန်းပူးပေါင်း၍ နယ်စပ်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှု အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး ဗဟုသုတများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။ ပြည်သူလူများကလည်း မြန်မာနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကြိုတင်ကာကွယ်ရန် ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများ ကိုလည်း လိုက်နာကြဖို့လည်းလိုအပ်ကြောင်း ဒေါက်တာမျိုးဇော်က ပြောကြားသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)