နေပြည်တော် ၂၉ ဇန်နဝါရီ 

၂၀၂၀ ပြည့်နှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ဒုတိယနေ့ အစီအစဉ်အား ယနေ့နံနက် ၉ ခွဲနာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ (MICC-2)၌ ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။ 

 

‌ေ

 

ရှေးဦးစွာ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက အခြေခံပညာကဏ္ဍ လွှမ်းခြုံမှုရှိသော လုပ်ငန်းများအပေါ် ပြန်လည်ဆန်းစစ်လေ့လာမှုစာတမ်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးဝင်းက အရည်အသွေးအာမခံမှု စံသတ်မှတ်ချက်များဖြင့် အခြေခံပညာကျောင်း အရည်အသွေးမြှင့်တင်ခြင်းစာတမ်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (ကြီးကြပ်အကဲဖြတ်) ဒေါ်သင်းနုနုစိန်က ၂၁ ရာစု၏ ပြောင်းလဲလာသော အခြေခံပညာကဏ္ဍနှင့် ကြီးကြပ်အကဲဖြတ်ခြင်း အစီအစဉ်များ စာတမ်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (စီမံကိန်း၊ စာရင်းအင်း) ဦးခင်အောင်ရီက အရေးပေါ်အခြေအနေများတွင် ဆက်လက်ပညာသင်ကြားနိုင်ရေး စာတမ်းတို့ကို ဖတ်ကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာဆုရ ကျောင်းသား ကျောင်းသူများနှင့် မြန်မာနိုင်ငံ ကိုယ်စားပြု အုပ်ချုပ်သူ ဆရာဆရာမများအား ဆုချီးမြှင့်သည်။

ယင်းနောက်   ဆွေးနွေးပွဲစာတမ်းများကို အဖွဲ့ငယ်(၄)ဖွဲ့ခွဲ၍ အုပ်စုအလိုက် ဆွေးနွေးညှိနှိုင်းကြသည်။

 

‌ေ

 

ဆက်လက်၍ အဖွဲ့ငယ်အသီးသီးက အဖွဲ့လိုက်ဆွေးနွေးချက်များကို ပြန်လည်တင်ပြကြပြီး ဆွေးနွေးညှိနှိုင်းမှုများကို စုစည်း၍ မှတ်တမ်းတင်သည်။ 

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ၂၀၂၀ ပြည့်နှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)တွင် အဖွဲ့အသီးသီး၏ စိတ်ပါဝင်စားစွာ တက်တက်ကြွကြွ ဆွေးနွေးညှိနှိုင်းမှုများအား ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ ယခုနှီးနှောဖလှယ်ပွဲတွင် စာတမ်း(၉) စောင်ဖတ်ကြားတင်သွင်းခဲ့ပါကြောင်း၊ မိဘပြည်သူများအား တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်သည့် ပညာရေးဝန်ဆောင်မှုများ ပေးနိုင်အောင် ပညာရေးမိသားစုများ ဝိုင်းဝန်းလက်တွဲ၍ ညီညီညွတ်ညွတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

သတင်းစဉ်