မောင်တော ၂၉ ဇန်နဝါရီ
ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိကြပြီး အငူမော်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် မောင်တောမြို့သို့ ရောက်ရှိကြသည်။
မွန်းလွဲပိုင်းတွင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ခရိုင်အုပ်ချုပ်ရေးမှူးက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် သတင်းမီဒီယာများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။
အဆိုပါ သတင်းမီဒီယာအဖွဲ့တွင် Frontier Myanmar, Black Night Media၊ Al Jazeera English၊ BBC၊ RFA၊ MRTV နှင့် MITV တို့မှ သတင်းသမားများ ပါရှိကြသည်။
သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ် မောင်တောဒေသသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစ၍ သွားရောက်သတင်းရယူမှု အနေဖြင့် ၃၅ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
ဟန်လင်းနိုင် (သတင်းစဉ်)