မန္တလေး   ၂၉  ဇန်နဝါရီ

 

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ အဆင့်မြင့်အားကစားကွင်းတွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပွဲတော်တွင် မန္တလေးမြို့တွင် အခြေချနေထိုင်သည့် ကချင်၊ ကရင်၊ ကယန်း၊ ကိုးကန့်၊ ချင်း၊ တောင်ရိုး၊ တအာင်း၊ နာဂ၊ ပအိုင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရှမ်းနီ၊ အင်းသား၊ ဓနု၊ ယော၊ လီဆူ အစရှိသော တိုင်းရင်းသားလူမျိုးစု (၁၈)မျိုး၏ ရိုးရာအစားအစာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်း ဆိုင်ခန်းများနှင့် ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ စုစုပေါင်း ဆိုင်ခန်း ၈၀ ကျော် ပါဝင်မည်ဖြစ်ပြီး တစ်နေရာတည်းတွင် စုံစုံလင်လင် ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်သည်။

 

ထိုပြင် ညပိုင်းတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှဖျော်ဖြေပွဲများ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရူနိုင်ကြောင်း မန္တလေးမြို့အခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်က ပြောသည်။

 

အဆိုပါပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ ၃၅လမ်းရှိ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)