နေပြည်တော် ဇန်နဝါရီ ၂၉
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်၏ ခေါင်းစဉ်တွင် မြန်မာနိုင်ငံ၌ လူမျိုးပြုန်းတီးစေရန် ကျူးလွန်မှုများကို “ရပ်ဆိုင်းရန်” အပြည်ပြည်ဆိုင်ရာတရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု မှားယွင်းစွာဖော်ပြခဲ့ကြောင်း၊ အပြည်ပြည် ဆိုင်ရာတရားရုံး၏ ဖော်ပြချက်မှာ လူမျိုးပြုန်းတီးစေရန် ကျူးလွန်မှုဆိုင်ရာ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံအဖြစ် လိုက်နာရမည့် တာဝန်များနှင့်အညီ လူမျိုးပြုန်းတီးစေရန် ကျူးလွန်မှုများ မဖြစ်ပေါ်စေရေး “တားဆီးပေးရန်” လိုအပ်သော အရေးယူဆောင်ရွက်မှုအားလုံးကို ဆောင်ရွက်ရန်ဟူ၍သာ ပါရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံက မြန်မာ နိုင်ငံနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ လျှောက်ထားချက်အပေါ် တရားရုံး၏ ဆုံးဖြတ်ချက်သည် အမှု၏ ဆီလျော်ခိုင်မာမှု (Merits)နှင့် ပတ်သက်၍ ကြိုတင်ဆုံးဖြတ်သည့်သဘော လုံးဝသက်ရောက်စေမည် မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံးက အတည်ပြုပြောကြားခဲ့ကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား အသိပေး ပြောကြားခဲ့သည်။
ထို့ပြင် အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရည်ရွယ်ချက်ရှိရှိဖြင့် လွဲမှားစွာ ရေးသားထုတ်ပြန်ထားခြင်းအတွက် ကန့်ကွက်ခဲ့သည်။ ထိုသို့ မှားယွင်းစွာ ဖော်ပြခြင်းအားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် နားလည်မှုလွဲမှားစေနိုင်ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရေးအတွက် လည်းကောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်ဆောင်ရွက်ရေးအတွက် လည်းကောင်း အပြုသဘောဆောင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံသည် စိစစ်ပြီးဖြစ်သော နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် အဆင်သင့်ရှိကြောင်းနှင့် နေရပ်ပြန်လိုသော ၎င်းတို့၏ဆန္ဒကို အတိအလင်းပြောကြားထားသည့် ဟိန္ဒူဘာသာဝင်များ အပါအဝင် စိစစ်ပြီးဖြစ်သော နေရပ်စွန့်ခွာသွားသူများကို မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်သို့ အကြိမ်ကြိမ်ပြောကြားပြီး ဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။ အမြဲတမ်း အတွင်းဝန်က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ နောက်တစ်ကြိမ် အစည်းအဝေးကို နှစ်ဖက်အဆင်ပြေမည့် နေ့ရက်တွင် ကျင်းပသွားရန် ၎င်းအနေဖြင့် သဘောတူညီ ကြောင်းကိုလည်း ထပ်မံအတည်ပြု ပြောကြားခဲ့သည်။
သတင်းစဉ်