မန္တလေး ၃၀ ဇန်နဝါရီ
မန္တလေး၊ အောင်မြေသာစံမြိူ့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၈၆ လမ်း၊ ၂၅ လမ်းနှင့်၂၆ လမ်းကြားရှိ မန်းသီရိဈေး မြေညီထပ် အများသုံး အိမ်သာအနီးတွင် ဆိုင်ခန်းအမှတ်(၂၅၇၊၂၅၈)၌ ယနေ့နံနက်၂ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ရသည့် အကြောင်းအရင်းမှာ ဆိုင်ခန်းရှိဗီရိုအတွင်း တင်ဒါဗူးခွံဟောင်းများနှင့် ဆာလဖြူရစ်အက်စစ် ဘူးခွံလက်ကျန်များ ရောနှောသိမ်းဆည်းထားရာမှ ဓာတ်ပြုပြီး မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး၊ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၀)၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇၀)၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၅)စီးတို့ဖြင့် ငြှိမ်းသတ်ကြရာ နံနက် ၂ နာရီ မိနစ် ၅၀ တွင် မီးငြှိမ်းနိုင်ခဲ့သည်။
မီးလောင်မှုကြောင့် သုံးထပ်သားဗီရိုအဟောင်းတစ်လုံး၊ သုံးပေပတ်လည် သစ်သားကြမ်းခင်းနှင့် အိမ်သာသန့်ရှင်းရေးသုံး အရည်(၅)ဒါဇင်တို့ မီးလောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်းပိုင်ရှင်ဖြစ်သူအား အရေးယူနိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းက အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


