မိုးညှင်း ၃၀ ဇန်နဝါရီ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ယခုနှစ်လျှော်ဖြူအစေးထုတ် ရာသီတွင် ယမန်နှစ်ဈေးနှုန်းအောက် ကျဆင်းနေကြောင်း မြို့နယ်အတွင်း လျှော်ဖြူစိုက်ပျိုးထုတ်လုပ်သူ တောင်သူများထံမှ သိရသည်။

 

ယခုနှစ်လျှော်ဖြူအစေး ၁ ပိဿာလျှင် ၁၈၀၀၀ ကျပ်နှုန်းဖြင့်သာ ရောင်းရပြီး၊ ယမန်နှစ်ဈေးနှုန်းမှာ ၁ ပိဿာ ၈၀၀၀၀ ကျပ်နှုန်းအထိရှိခဲ့ကြောင်း လျှော်ဖြူ ၅ ဧကခန့်စိုက်ပျိုးထားသူ တောင်သူ ဦးတိုက်စိန်က ရှင်းလင်းပြောကြားခဲ့သည်။

 

“ဒီနှစ်က ၁ ပိဿာမှ ကျပ် ၁၈၀၀၀ ပဲ ရောင်းခဲ့ရတယ်၊ ဒီနှစ်တစ်ရာသီလုံးမှ ပိဿာချိန် ၁၀၀ လောက်ပဲ ထွက်တယ်၊ ဒီမှာက ဝယ်လက်လည်းမရှိဘူး၊  မန္တလေးကပွဲရုံတွေကို တက်ရောင်းရတယ်၊ ကိုယ့်ဟာကိုပျိုးပြီးတော့ စိုက်တဲ့အတွက် အရှုံးတော့မရှိဘူး၊ လုပ်အားခတွေ ဘာတွေပေးစရာမလိုတော့ အဆင်ပြေတယ်လို့ ပြောရမှာပေါ့”ဟု ယင်းက ပြောကြားသည်။

 

လျှော်ဖြူအစေးထုတ် ရာသီအနေဖြင့် ဧပြီလမှစ၍ ဇန်နဝါရီလအထိ အစေးထုတ်ကာလ ၁၀ လရှိပြီး ဖေဖော်ဝါရီမှ မတ်လအထိ (၂)လခန့်နားရကြောင်း ဦးတိုက်စိန် က ရှင်းလင်းပြောကြားသည်။

 

“အခုက အစေးထုတ်နားထားပြီ၊ အရွက်တွေစကြွေစ ပြုပြီ၊ အပင်တွေအကုန်လုံး အရွက်တစ်ရွက်မှမကျန်အောင် ကြွေမယ်၊ အဲဒါပြီးရင် ရွက်သစ်တွေစထွက်ပြီဆိုရင် အစေးစထုတ်ပြီ၊ အခုအပင်ကြီးတဲ့ဟာတွေဆိုရင် ၁ ပင်ကို တစ်ရက် ၁ ကျပ်သားခန့် ထွက်နေပြီ၊ နောက်ဆိုရင် ပိုလို့ထွက်လာမယ်၊ အပင်တွေက အခုမှ(၃)နှစ်သားကျော်ပဲ ရှိသေးတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

မိုးညှင်းမြို့နယ်အတွင်း ဦးတိုက်စိန်အပါအဝင် လျှော်ဖြူစိုက်ဧက ၄၃ ဧကခန့် စိုက်ပျိုးထားပြီး ယခုနှစ်မှ စတင်အစေးထုတ်ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စာရင်းဇယားများအရ သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)