ပူတာအို ၃၀ ဇန်နဝါရီ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်တားဆီးခြင်း လုပ်ငန်းများကို ယခုရက်ပိုင်းအတွင်းနေ့စဉ် လေယာဉ်ဆိုက်ရောက်ချိန်များတွင် ပူတာအိုလေဆိပ်၌ Guideline များအတိုင်း ကြိုတင်ကာကွယ် တားဆီးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
" ပူတာအိုခရိုင်မှာ Syndromic Surveillance အနေဖြင့် ပူတာအိုလေဆိပ်မှာ Fever Surveillance နဲ့ ကျန်းမာရေးအသိပညာပေး စစ်ဆေးခြင်းတွေ ဆောင်ရွက်ပါတယ်။ အဲဒီအပြင် ကျန်းမာရေးဌာန လက်အောက်မှာရှိတဲ့ ပြင်ပလူနာဌာန၊ အထူးကုပြင် ပလူနာဌာနနဲ့ ဆေးခန်းများမှာလည်း ရောဂါရဲ့သဘောသဘာ၀နဲ့ ဆောင်ရွက်ရမယ့် Guideline များဖြန့်ဝေပြီးတော့ အရေးပေါ်အခြေအနေ ဖြစ်လာရင် ချက်ချင်းဆောင်ရွက်နိုင်ဖို့ အသင့်အနေအထား ပြင်ဆင်ထားပါတယ်။ လေးရက်တာ စစ်ဆေးချက်အရတော့ သံသယလူနာ မတွေ့ရှိသေးပါဘူး " ဟု ခရိုင်ဆေးရုံအုပ် ကြီး ဒေါက်တာ သန့်ဇင်ထွန်းကပြောသည်။
"တရုတ်ပြည်ကနေ တောလမ်းအတိုင်း ၀င်လာတယ်ဆိုရင် တရုတ်ပြည်ရဲ့ အခြေအနေကိုကြည့်ရပါမယ်။ အဲဒီလူတွေက တိဘက်ပြည်နယ်က ၀င်လာတာဖြစ်တဲ့အတွက် ယခုချိန်ထိတော့ တိဘက်ပြည်နယ်မှာလည်း သံသယလူနာ မတွေ့သေးပါဘူး။ တိဘက်ပြည်နယ်က၀င်လာတဲ့ လူတွေကို သံသယတော့ ထားရမယ်။ ဒါပေမယ့် အဲဒီပြည်နယ်မှာ ရောဂါဖြစ်ပွားမှု မရှိသေးတဲ့အတွက် စောင့်ကြပ်ကြည့်ရမှာ ဖြစ်ပါတယ်။ ခေါင်လန်ဖူး-နောင်မွန်ကနေ ရောဂါဝေဒနာရှင် လာပြီဆိုတော့ ပူတာအိုအထိ ခက်ခက်ခဲခဲလာရပါမယ်။ အနည်းဆုံး သုံးလေးငါးရက်တော့ လမ်းလျှောက်ခဲ့မယ်ဆိုတော့ ရောဂါတကယ် ဖြစ်ပွားတဲ့သူကတော့ လမ်းလျှောက်ပြီး လာနိုင်မှာမဟုတ်ဘူး" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူအ၀င်အထွက်များသော ပူတာအိုလေဆိပ်တွင် လေယာဉ်ဆိုက်ရောက်ချိန်တိုင်းတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်ထွန်းနှင့် ၀န်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်းမှုဖြင့် ယနေ့နံနက်ပိုင်း အထိစစ်ဆေးခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ သံသယရှိသည့် လူနာမတွေ့ရှိသေးကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)