နေပြည်တော်  ၃၀  ဇန်နဝါရီ

           

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine SchranerBurgener နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။

           

တွေ့ဆုံစဉ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာ အတည်ပြုပြဌာန်းခဲ့ပြီးနောက် အဆိုပါ မဟာဗျူဟာပါ အချက်အလက်များအား သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ မျှဝေခဲ့မှု၊ မဟာဗျူဟာ အကောင်အထည်ဖော်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ၊ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အတွက် အရေးပါသည့် မိုင်းအန္တရာယ်ကင်းစင်ရေး ဆောင်ရွက်နေမှု၊ မဟာဗျူဟာပါ လမ်းညွှန်ချက်များနှင့်အညီ ကချင်ပြည်နယ်ရှိ ဒေသ အချို့နှင့် ရခိုင်ပြည်နယ်ရှိဒေသအချို့တွင် ယာယီခိုလှုံရာစခန်းများ စတင်ပိတ်သိမ်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှု၊ အမျိုးသမီးများ၏ အခွင့်အရေး၊ ကလေးသူငယ်များ၏ အခွင့်အရေးများ ဖော်ဆောင်၍ တိုးမြှင့်ဆောင်ရွက်ပေးရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်ပေးနေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုနှင့် အာဆီယံနိုင်ငံများမှလည်း ဆက်လက်ကူညီဆောင်ရွက်ပေးမှု၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင်ရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအစိုးရက ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ ပေါ်ထွက်လာပြီးနောက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများကို နိုင်ငံတကာ အသိုက်အဝန်းမှ သိရှိနားလည်နိုင်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)