နေပြည်တော်  ၃၀  ဇန်နဝါရီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရွှေပြည်လမ်းလူငယ်စုပေါင်းအဖွဲ့နှင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ ဥက္ကဋ္ဌဦးမြတ်သူဝင်းနှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

 

ရွှေပြည်လမ်းလူငယ်အဖွဲ့နှင့် တွေ့ဆုံစဉ် အဆိုပါ လူငယ်အဖွဲ့အစည်းအနေဖြင့် ရခိုင် ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် သဟဇာတမျှတစွာဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြား ယုံကြည်မှုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေကြောင်း၊ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တွေ့ရှိချက်များနှင့် သဘောထားအမြင်များအား ပြည်ထောင်စုဝန်ကြီးထံ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်းအားလုံးအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးစသည့်လုပ်ငန်းများ၊ လူမှုသဟဇာတမျှတရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများစသည့် နယ်ပယ်များတွင် နိုင်ငံတော်က လက်တွေ့ကျသော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုများကို ပြောကြားခဲ့ပြီး တက်ရောက်လာသော လူငယ်အဖွဲ့ဝင်များ၏ သိရှိလိုသောမေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး လူငယ်များက ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

 

ထို့နောက် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနှင့်အဖွဲ့အား တွေ့ဆုံစဉ် မသန်စွမ်းလူငယ်များအတွက် ICT နည်းပညာများကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ နှစ်စဉ်ကျင်းပလေ့ရှိသည့် Global IT Challenge for Youth with Disabilities အား ကိုးရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ မသန်စွမ်းလူငယ်များပါဝင် ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုရရှိခဲ့မှုအခြေအနေများ၊ အဆိုပါပွဲအား၂၀၂၀ခုနှစ်၌ မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံ အနေဖြင့် လက်ခံကျင်းပရန်အဆိုပြုနိုင်မည့် အခြေအနေများ၊ မသန်စွမ်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

သတင်းစဉ်