နေပြည်တော် ၃၀ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ တောင်နဝင်း၊ မြောက်နဝင်း၊ ဝဲကြီးနှင့် တောင်ညိုရေလှောင်တမံများမှ ယခုနှစ်နွေစပါးစိုက်ပျိုးရန် စုစုပေါင်း ၅၄၁၉၃ ဧက လျာထားပြီး ဆည်ရေများကို ယခုလဆန်းပိုင်းမှ စတင်၍ ပေးဝေလျက်ရှိကြောင်း သိရသည်။
အဆိုပါဆည် လေးခုတွင် ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းကို JICA ODA ချေးငွေဖြင့် ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ပြီးစီးခဲ့ပြီး မူလဆည်ရေသောက်ဧက စုစုပေါင်း ၁၆၃၁၃၄ ဧက မှ ၂၂၅၈၇၇ ဧကအထိ တိုးမြှင့်ပေးဝေနိုင်မည်ဖြစ်ရာ မူလစိုက်ဧကထက် ၃၉ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် မိုးရာသီကာလတွင် ရေလှောင်တမံများအတွင်း စီးဝင်ရေများကို ထိန်းသိမ်းသိုလှောင်၍ မိုးစပါးစိုက်ဧက စုစုပေါင်း ၁၉၃၁၄၆ ဧက အားလည်း အောင်ရေပေးဝေနိုင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ် နွေစပါးစိုက်ပျိုးရန် လျာထား စုစုပေါင်း ၅၄၁၉၃ ဧကကိုလည်း စိုက်ပျိုးအောင်မြင်သည်အထိ စနစ်တကျ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရေလှောင်တမံ လေးခု၏ ရေဝင်ရောက်မှုအခြေအနေများ၊ ပွင့်လင်းရာသီတွင် ဆောင်ရွက်လျက်ရှိသည့် တမံ ထိန်းသိမ်းရေးလုပ်ငန်းများ၊ နွေစပါးရေပေးဝေနိုင်ရန်အတွက် တူးမြောင်းရှင်းလင်းရေး လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးတင့်လွင်နှင့် အဖွဲ့က ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်များတွင် ရေလှောင်တမံသို့ လာရောက်စစ်ဆေးခဲ့ရာ တည်ဆောက်ရေး(၂)နှင့် ပြည်ခရိုင် ဆည်မြောင်း ဦးစီးဌာနတို့မှ ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယညွန်ကြားရေးမှူးချုပ်က ဆည်ရေသောက်စနစ် အဆင့်မြှင့်တင် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ရာ တောင်သူများ ဆည်ရေလုံလောက်စွာရရှိ၍ တစ်နှစ်ထက်တစ်နှစ် နွေးစပါးစိုက်ဧကများ တိုးမြှင့်စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးအောင်ရေ အပြည့်အဝရရှိသည်အထိ ဆည်ရေကို စနစ်တကျ စီမံခန့်ခွဲကြရန် မှာကြားခဲ့သည်။
“ယခုနှစ် ဒီဇင်ဘာလကုန်အထိ မြောက်နဝင်းရေလှောင်တမံတွင် သုံးစွဲနိုင်သည့် ရေလှောင်ပမာဏ ၁၈၅၃၇၅ ဧက ပေ၌ နွေစပါး ၁၅၂၈၄ ဧက စိုက်ပျိုးရန်လျာထားကြောင်း၊ ထို့အတူ တောင်နဝင်းရေလှောင်မံ၏ လက်ရှိ ရေလှောင်ပမာဏ ဧကပေ ၁၀၇၉၂၀ တွင် နွေစပါး ၈၃၆၃ ဧက၊ ဝဲကြီးရေလှောင်တမံ လက်ရှိရေလှောင်ပမာဏ ဧကပေ ၂၀၅၀ဝဝ တွင် နွေစပါးဧက ၂၃၇၅၀ နှင့် တောင်ညိုရေလှောင်တမံ၏ လက်ရှိရေလှောင်ပမာဏ ဧကပေ ၁၇၇၄၅၀ တွင် နွေစပါးလျာထား ၆၇၉၆ ဧက စိုက်ပျိုးရန်လျာထားပြီး နွေစပါးအောင်ရေအား အပြည့်အဝ ဆက်လက်ပေးဝေနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မောင်မွှေး


