ဂန့်ဂေါ ၃၀ ဇန်နဝါရီ
စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ်၊ တောင်ပြင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်က စိုက်ပျိုးရေးနည်းစနစ်များ၊ ပြောင်းလဲ စိုက်ပျိုးသင့်သော သီးနှံပုံစံများကို ဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဦးမြင့်ဇော်က ပြောင်းလဲလာတဲ့ ရာသီဥတု ကြောင့် တောင်သူတွေ ထိခိုက်နစ်နာမှုမရှိဖို့နဲ့ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပတ်ဝန်းကျင်ထိခိုက် ညစ်ညမ်းမှု မရှိစေရေး၊ အရည်အသွေးကောင်းသီးနှံများ ထုတ်လုပ်နိုင်ရေး၊ လယ်ယာလုပ်သားများ၏ ကျန်းမာရေးနှင့် ဘဝ သာယာဝပြောရေးတို့အတွက် လိုက်နာကျင့်သုံသင့်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို အသိပညာပေး ဆွေးနွေးခဲ့သည်။

အလားတူ စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၈ ရက်ကလည်း ချောင်းနက်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အကျိုးပြုအဏုဇီဝ အီးအမ်ဖျော်ရည်ကို အသုံးပြု၍ သဘာဝမြေဆွေးနှင့် သဘာဝပိုးနှင်ဆေး ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြုလုပ် ပြသခဲ့ကြောင်း သိရသည်။
တောင်သားမောင်သန်း