နေပြည်တော်    ၃၁   ဇန်နဝါရီ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ CAE ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေလွှမ်းမိုးခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မြေပြိုခြင်း၊ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားခြင်းအစရှိသည့် ဘေးအန္တရာယ် ကျရောက်မှု ဖြစ်စဉ်များတွင် ကူညီ၊ ကာကွယ်၊ ကယ်ဆယ်နိုင်ရေးအတွက် အသိပညာပေးမှုအား စိတ်ပါ ဝင်စားဖွယ် ကစားနည်း(၁၀)မျိုးဖြင့် ကျောင်းသားလူငယ်များနှင့်အတူ ဆောင်ရွက်ခဲ့ရာ မီးသတ်ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် အရာရှိကြီးများ တက်ရောက်ခဲ့ပြီး ကျောင်းသားလူငယ်များမှ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

2

 

ဟောပြောပွဲတွင် နေပြည်တော်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားပါက အလျင်အမြန်တုန့်ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက်ပျက်စီးမှု နည်းပါးစေရေး အတွက် စာသင်ကျောင်းနှင့် လူထုအခြေပြု မီးဘေးနှင့်သဘာဝဘေး အသိပညာပေး အစီအစဉ်များကို နိုင်ငံတဝန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဂိမ်းပုံစံပြုလုပ်၍ ကစားခြင်းဖြင့် ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ချရေးဆိုင်ရာနှင့် မီးသတ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိနိုင်မည် ဖြစ်ကြောင်းပြောကြားပြီး CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းနှင်းမော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

28

 

ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး၊ ခရိုင်/ မြို့နယ်မီးသတ်စခန်း အသီးသီးတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခြင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်လာပါက ရှင်သန်လွတ်မြောက်နိုင်ရေး အသိပညာပေး ကစားနည်းများအား ကျောင်းသားလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံအား လက်တွေ့ သရုပ်ပြသခြင်း၊ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၏ စွမ်းရည်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

2369

 

 

အောင်ကို(ပြန်/ဆက်)

 

8559