မူဆယ် ၃၁ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့တို့၌ တည်ရှိသည့် မြန်မာ-တရုတ်၊ နှစ်နိုင်ငံအဝင်/အထွက်ဂိတ်တို့မှ အဝင်/အထွက်သွားလာနေသည့် ပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် နေသည့် အခြေအနေများကို ဇန်နဝါရီ ၃၀ ရက်နေ့၊ နံနက်ပိုင်းအချိန်က ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်ဦးဆောင်သည့် တာဝန်ရှိသူများက ကြည့်ရှုလေ့လာသည်။
ရှေးဦးစွာ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြန်မာ-တရုတ်၊ နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်ဖြစ်သော ဝမ်တိန်ဂိတ်မှ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပျံ့ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဝင်/အထွက် သွားလာနေသည့် ပြည်သူများအား သာမိုမီတာဖြင့် ကျန်းမာရေးစစ်ဆေးမှုများကို ကြည့်ရှုစစ်ဆေးကြပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘက်သို့ ကူးစက်ပျံ့ပွားလာခြင်း မရှိစေရန်အတွက် သေချာစွာ စောင့်ကြည့်စစ်ဆေးကြရန်နှင့် လိုအပ်သည်များကို အကြုံပြုမှာကြားသည်။
ဆက်လက်ပြီး မုံးကိုးမြို့၊ မြန်မာ-တရုတ်၊ နှစ်နိုင်ငံအဝင်/အထွက်ဂိတ်ဖြစ်သည့် မန်ဟိုင်းဂိတ်မှ ပြည်သူလူထုအဝင်/အထွက် သွားလာမှုအခြေအနေများကို မေးမြန်းပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါအား ကြိုတင်ကာကွယ်ရန်အတွက် အဝင်/အထွက်ပြုနေသည့် ပြည်သူများအား သာမိုမီတာဖြင့် လက်တွေ့တိုင်းတာခြင်းများ ဆောင်ရွက်သည်။ ဆက်လက်ပြီး နှစ်နိုင်ငံအဝင်/အထွက်ဂိတ်များမှ သတိရှိစွာ စစ်ဆေးပြုလုပ်ကြရန်နှင့် ထူခြားမှုများကို အချိန်နှင့်တစ်ပြေညီ အထက်သို့ တင်ပြကြရန်တို့ကို မှာကြားသည်။
ထို့နောက် ဌာနဆိုင်ရာများ ဝန်ထမ်းများနှင့် နယ်စပ်ဂိတ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ပြည်သူလူထုများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများ များများဆောင်ရွက်ပေးရန်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန်၊ တစ်စုံတစ်ရာ ထူးခြားမှုများရှိလာပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ကြရန်နှင့် အခြားလိုအပ်ချက် များကို မှာကြားခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


