ချောင်းဦး ၃၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုဘဝအဆင့်မြှင့်တင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပလတ်စတစ်ခြင်း ရက်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချောင်းဦးမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင် နှင့် ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော် တို့မှ သင်တန်းဆင်း အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက အသက် မွေးဝမ်းကျောင်း အထောက်အကူပြု ပလတ်စတစ်ခြင်းရက် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်က သင်ထောက်ကူ ပစ္စည်းများကို သင်တန်းသားများအား ပေးအပ်ပြီး၊ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဘော်က သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားများအား အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက သင်တန်းနည်းပြ ဆရာမ ဒေါ်မိုးမြင့်စန်းအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပြီး၊ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ပလတ်စတစ်ခြင်းရက် သင်တန်းတွင် ချောင်းဦးမြို့နယ် ကျေးရွာများမှ သင်တန်းသူ(၁၅)ဦး တက်ရောက် သင်ကြားကြောင်း၊ အခြေခံခြင်းယက်သင်တန်းတွင် ဈေးခြင်းပုံစံ(၃)မျိုး၊ မူကြိုခြင်းတောင်း ပုံစံ၊ (၃)ဆင့်ချိုင့်ထဲ့ ခြင်းပုံစံ၊ (၅)ဆင့်ချိုင့်ထဲ့ခြင်းပုံစံ နှင့် အခြားလူသုံးကုန် ပစ္စည်းများထဲ့ ခြင်းပုံစံ တို့ကို သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းကာလမှ (၁၀)ရက် သင်ကြားပို့ချပေးခဲ့ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝအဆင့်မြှင့်တင်နိုင်ရေး၊ ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဖွင့်လှစ်သင်ကြား ပေးခြင်း ဖြစ်ကြောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက ပြောပြသည်။
ပလတ်စတစ်ခြင်းရက် သင်တန်းသို့ ချောင်းဦးမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော် နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်၊ သင်တန်းနည်းပြဆရာမ ဒေါ်မိုးမြင့်စန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးမှူး ဒေါ်ခင်စိုးဝင်း နှင့် ဝန်ထမ်းများ၊ သင်တန်းသူ (၁၅)ဦး စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)


