နေပြည်တော် ၃၁ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး Mr. Francois Lafreniere နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်းဝန်ဆောင်မှုများ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကိစ္စနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အပါအဝင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများအား သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ ကြက်ခြေနီလှုပ်ရှားမှုအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိရောက်စွာ ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာအား အတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် မဟာဗျူဟာပါ ပြဋ္ဌာန်းချက်များနှင့်အညီ စခန်းများပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည်နေရာချထားရေးကို စနစ်တကျ ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ ကလေးသူငယ်များ၏ အခွင့်အရေးများ ဖော်ဆောင်ရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေး၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေး ဖော်ဆောင်ရေး စသည့် နယ်ပယ်များတွင် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိရာ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များတွင် ကနေဒါနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)