ရန်ကုန်  ၃၁   ဇန်နဝါရီ

 

ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)၊ ကိုရီးယားနိုင်ငံ အခြေစိုက် WITH အဖွဲ့နှင့် မေတ္တာ အလင်းအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း၏ အပတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (လှိုင်သာယာ) သင်တန်းခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အဖွင့်အမှာစကား ပြောကြားသည်။

 

ယင်းနောက် Wholistic Interest Through Health (WITH) ၏ Country Director နှင့် မေတ္တာ အလင်းအသင်း၏ ဥက္ကဋ္ဌ ဦးကောင်းဇံတို့မှ အမှာစကားပြောကြားသည်။

 

ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။

 

ယနေ့ပြုလုပ်သည့် သင်တန်းဆင်းပွဲ အခမ်းအနားသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ပေါင်မုန့်နှင့် ကိတ်မုန့် ဖုတ်သင်တန်းတွင် သင်တန်းသား သင်တန်းသူ(၂၀)၊ အနောက်တိုင်းနှင့် အရှေ့တိုင်းအစားအစာ အချက်အပြုတ်သင်တန်းတွင် သင်တန်းသား သင်တန်းသူ(၁၉)ဦးနှင့် ကော်ဖီနှင့် ဖျော်ရည်သင်တန်းတွင် သင်တန်းသား သင်တန်းသူ (၂၀)  စုစုပေါင်း(၅၉)ဦး သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး သင်တန်းကာလ အနေဖြင့် သီအိုရီနှင့်လက်တွေ့ (၃)လနှင့် လုပ်ငန်းခွင်လက်တွေ့(၁)လ စုစုပေါင်း(၄)လ ကြာမြင့်ခဲ့သည်။

 

စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းများသည် စာတွေ့၊ လက်တွေ့သင်ကြားမှုများအပြင် လုပ်ငန်းခွင်လက်တွေ့ပြုလုပ်ရသည့် အပိုင်းများပါဝင်သဖြင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ပြီး သင်တန်းမှ သင်ယူရရှိသည့် အသိပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို အသုံးချ၍ ကိုယ်ပိုင်အသေးစား စီးပွားရေးလုပ်ငန်းများ၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နိုင်ကြောင်း သိရသည်။

(သတင်းစဉ်)